Monday, April 29, 2019

ဘန်ကောက်တွင် ဘတ် ၅ သန်းကျော် တန်ဖိုးရှိ ဆေးဝါးအတုများ ဖမ်းမိ


ထိုင်းနိုင်ငံ ဘန်ကောက်မှာ တရားမဝင်ထုတ်လုပ်တဲ့ ဆေးဝါးအတု ဘတ် ၅ သန်းကျော်ဖိုး ဖမ်းဆီးရမိတယ်လို့ မန်နေဂျာအွန်လိုင်း ထိုင်းသတင်းမှာ ဖော်ပြပါတယ်။ 
ဘန်ကောက် ဆွန်လုန်နယ်မြေ အွန်နွတ်လမ်းထဲမှာ တရားမဝင်ဆေးဝါးနဲ့ ဆေးဝါးအတု ထုတ်လုပ်ရောင်းချနေကြောင်း စုံစမ်းထောက်လှမ်းပြီးနောက် ထိုင်းနိုင်ငံ ဆေးဝါးနဲ့ အစားအစာ ကွပ်ကဲရေးဌာန၊ စားသုံးသူများ ကာကွယ်ရေးကော်မတီနဲ့ ရာဇဝတ်မှုနှိမ်နင်းရေး ရဲတပ်ဖွဲ့က ဝင်ရောက်ဖမ်းဆီးပြီး ဒီကနေ့ မွန်းလွဲပိုင်းမှာ သတင်းစာရှင်းလင်းပွဲ လုပ်ခဲ့တာပါ။ 

ဒီမတိုင်ခင်က ဈေးကွက်ထဲမှာ ဆေးဝါးအတုနဲ့ မှတ်ပုံမတင်ထားတဲ့ ဆေးဝါးတွေ ပြန့်နေတာကို တွေ့ရှိပြီးနောက် တာဝန်ရှိသူတွေက အဲဒီဆေးဝါးတွေ လာရာလမ်းကြောင်းကို စုံစမ်းခဲ့ပြီး အွန်နွတ် ၆၄ လမ်းရှိ ဖရီးမိတ် ဖာမဲင်ကုမ္ပဏီနဲ့ တိုက်အမှတ် ၂၃ ရှိ ဆေးဆိုင်တဆိုင် စုစုပေါင်း ၂ နေရာကို ပြီးခဲ့တဲ့ ဧပြီ ၂၆ ရက်နေ့က ဝင်ရောက်စီးနင်း ဖမ်းဆီးခဲ့ပါတယ်။ 

အဲဒီဆေးဆိုင်တွေကနေ အားကစားသမားတွေ စားသုံးလေ့ရှိတဲ့ စတီးရွိုက်အားတိုးဆေး၊ ပန်းသေပန်းညှိုး ဝေဒနာရှင်တွေအတွက် အားတိုးဆေး၊ အိပ်ဆေး စတဲ့ ဆေးအမျိုးအစား စုစုပေါင်း တန်ဖိုး ဘတ် ၅ သန်းကျော်ရှိ ဆေးပြားပေါင်း ၂ သန်းကျော် ဖမ်းမိခဲ့တယ်လို့ ထိုင်းနိုင်ငံ စားသုံးသူများ ကာကွယ်စောင့်ရှောက်ရေး ကော်မတီ အတွင်းရေးမှူး ဒေါက်တာ ထရေ့စ်ဂရတ် နိုင်းရဝိဝုန်းက သတင်းစာရှင်းပွဲမှာ ပြောပါတယ်။ 

ဆေးဝါးနဲ့ အစားအစာ ကွပ်ကဲရေးဌာနရဲ့ ခွင့်ပြုချက် မှတ်ပုံတင်မရှိဘဲ ထုတ်လုပ်ဖြန့်ဝေတဲ့ ဆေးဝါးတွေဟာ အတုအပဖြစ်နိုင်တာ၊ ဆေးအာနိသင် အရည်အသွေး အဆင့်မမီတာ၊ ဘေးထွက်ဆိုးကျိုးတွေ ရှိနိုင်တာကြောင့် သုံးစွဲသူတွေအတွက် ကျန်းမာရေးအန္တရာယ် ဖြစ်စေနိုင်တယ်၊ ဒါကြောင့် သက်ဆိုင်ရာ ဆေးရုံ၊ ဆေးခန်းတွေ၊ ပြည်သူတွေအနေနဲ့ အထူးသတိပြု ဝယ်ယူသုံးစွဲဖို့ ဒေါက်တာထရေ့စ်က သတိပေး ပြောကြားပါတယ်။ 

ခွင့်ပြုချက်မရဘဲ ဆေးဝါးထုတ်လုပ် ဖြန့်ချိပါက ၁၉၉၃ ခုနှစ်က ပြဋ္ဌာန်းတဲ့ အစာနဲ့ဆေးဝါးဆိုင်ရာ ဥပဒေအရ ထောင်ဒဏ် ၃ နှစ် ဒါမှမဟုတ် ငွေဒဏ် ဘတ် ၅ ထောင် ဒါမှမဟုတ် ထောင်ဒဏ်ရော ငွေဒဏ်ပါ ၂ ရပ်လုံး ကျခံရမယ်လို့ ဆိုပါတယ်။ 

အဲဒီဆေးဝါးတွေဟာ အာရုံကြောနဲ့ စိတ်ပိုင်းဆိုင်ရာ လှုံ့ဆော်ပြောင်းလဲစေတဲ့ ဆေးဆိုရင် တားမြစ်မူးယစ်ဆေး အမျိုးအစားထဲ အကျုံးဝင်တဲ့အတွက် ထောင်ဒဏ် ၂ နှစ်ကနေ ၁၀ နှစ်ထိ၊ ဒါမှမဟုတ် ငွေဒဏ် ဘတ် ၂ သိန်းကနေ ၁ သန်းထိ ပြစ်ဒဏ်ချခံရမယ်လို့ ဆိုပါတယ်။ 

ဘယ်သူမဆို တရားမဝင်ဆေး၊ မှတ်ပုံတင်မရှိတဲ့ဆေးတွေ ထုတ်လုပ်ရောင်းချတာကို တွေ့ရှိပါက ဆေးဝါးနဲ့ အစားအစာ ကွပ်ကဲရေးဌာန အရေးပေါ်ဖုန်းလိုင်း ၁၅၅၆ ဒါမှမဟုတ် သက်ဆိုင်ရာ ကျန်းမာရေးဌာနတွေကို သွားရောက်တိုင်ကြားဖို့ ဒေါက်တာထရေ့စ်က သတင်းစာ ရှင်းလင်းပွဲမှာ ပြောသွားပါတယ်။

DVB

0 comments:

Post a Comment