Tuesday, April 30, 2019

သံလွင်မြစ်ပေါ်တည်ဆောက်မည့် ရေကာတာစီမံကိန်းများ၏ လတ်တလောအခြေအနေများနှင့်ပတ်သက်ပြီး သတင်းစာရှင်းလင်းပွဲ ပြုလုပ်


သံလွင်မြစ်ပေါ်တည်ဆောက်မည့် ရေကာတာစီမံကိန်းများ၏ လတ်တလောအခြေအနေများနှင့် ပတ်သက်ပြီး သတင်းစာရှင်းလင်းပွဲကို ဧပြီ ၂၉ ရက် နံနက် ၉ နာရီက မွန်ပြည်နယ် မော်လမြိုင်မြို့ရှိ ရာမညဟိုတယ်တွင် ပြုလုပ်ခဲ့သည်။ 
သံလွင်မြစ်ပေါ်၌ ရေကာတာကြီး ငါးခုတည်ဆောက်မှုအပါအဝင် တစ်နိုင်ငံလုံးမှာ ရေကာတာစီမံကိန်း ၉၀ ကျော်ဆောက်လုပ်ရန်ရှိသည်ဟု သိထားပါကြောင်း၊ ယင်းစီမံကိန်းများနှင့်ပတ်သက်ပြီး လက်ရှိနိုင်ငံရေးအခြေအနေ၊ ပွင့်လင်းမြင်သာမှုအားနည်းသည့် အချိန်၊ ခြစားမှုများ ရှိနေသည့်အခြေအနေနှင့် အစိုးရ၏ စွမ်းဆောင်မှုများအပေါ် မေးခွန်းထုတ်နေရသည့် အခြေအနေတွင် ကြီးမားသည့် ရင်းနှီးမြှုပ်နှံမှုကြီးများရှိသည့် စီမံကိန်းများကြောင့် ဒေသခံပြည်သူများ လူ့အခွင့်အရေး ချိုးဖောက်ခံရမှုတွေဖြစ်စေကြောင်း သံလွင်မြစ်ထိန်းသိမ်းကာကွယ်စောင့်ရှောက်ရေးကွန်ရက်မှ ကိုဧပရယ်ဂျူးဂျူးက ဆိုသည်။ 

၎င်းကဆက်လက်ပြီး “နောက်တစ်ခုက သံလွင်မြစ်ပေါ်ရေကာတာတွေတည်ဆောက်မယ့် နေရာတွေက တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေ အခြေစိုက်ကြတဲ့နေရာတွေ ဖြစ်နေတယ်။ လက်ရှိ ငြိမ်းချမ်းရေး တည်ဆောက်နေမှုအပိုင်းမှာ ရင်းနှီးမြှုပ်နှံမှု အကြီးကြီးတွေ လာကြတဲ့အခါမှာ အခုတောင် ဘာမှ မဟုတ်သေးဘဲနဲ့နယ်မြေချဲ့တာတို့၊ လက်နက်ကိုင်အချင်းချင်း ရေကာတာတည်ဆောက်မယ့်နေရာကို ထိန်းချုပ်နိုင်ဖို့အတွက်ကို ကြိုးစားနေကြတာတွေကို တွေ့မြင်နေရပါတယ်။ ရေကာတာက မဆောက်ရသေးဘူး။ ပစ်ခတ်နေကြတော့ ဒေသခံပြည်သူတွေက ပြေးလိုက်ပြန်လာလိုက်နဲ့ ဖြစ်နေကြပါတယ်။ အဲဒီတော့ သဘာဝပတ်ဝန်းကျင်ကိုပါ ပျက်စီးစေတာ မဟုတ်ဘူး။ ငြိမ်းချမ်းရေးကိုပါ ထိခိုက်စေနိုင်တဲ့၊ ပြည်သူတွေနေ့စဉ်နဲ့အမျှ ပူပန်နေရတဲ့၊ လျှပ်စစ်မီးရမယ်၊ မရဘူး၊ မသေချာဘူး။ အကျိုးအမြတ်ရမယ်၊ မရဘူး၊ မသေချာဘူး။ ပြည်သူတွေရဲ့ ဘဝတွေ ပထမဆုံးဖျက်ဆီးခံရမယ့် လက်ရှိနိုင်ငံရေးအခြေအနေနဲ့ လက်ရှိအစိုးရရဲ့ စွမ်းဆောင်ရည်နဲ့ပတ်သက်ပြီးတော့ ကျွန်တော်တို့အနေနဲ့က ဒီစီမံကိန်းတွေအပေါ် သဘောမတူပါဘူး” ဟု ပြောကြားသည်။ 

“အဲဒီ ရေကာတာစီမံကိန်းတွေ အပြီးတိုင်ဖျက်သိမ်းရေးနဲ့ပတ်သက်ပြီး ဒေသခံတွေရဲ့အသံတွေကို သေသေချာချာနား ထောင်ပေးပါတယ်။ ကျွန်တော်တို့အနေနဲ့ကတော့ No Dam ပါ။ ဒါတွေကို ကျွန်တော်တို့ ပြောနေရင် ဖွံ့ဖြိုးရေးကို ဆန့်ကျင်နေကြတယ်လို့ ပြောကြလိမ့်မယ်။ တချို့ဒေသတွေမှာ လျှပ်စစ်မီး လိုအပ်ချက်တွေရှိနေတာကို ဘာကြောင့် ဒေသခံတွေရဲ့အသံကိုနားမထောင်တာလဲလို့ ပြောကြလိမ့်မယ်။ ကျွန်တော်တို့ အနေနဲ့က ဘယ်စီမံကိန်းပဲလုပ်လုပ် ပထမ ဆုံးတစ်ချက်က ဒီလိုစီမံကိန်းတွေလုပ်တဲ့အတွက်ကြောင့် ဘယ်သူတွေက အကျိုးအမြတ်ရှိတယ်ဆိုတာ ဒေသခံတွေကို ပြောပြစေချင်ပါတယ်။ နောက်တစ်ခုက ဒီလိုစီမံကိန်းကြီးတွေ လုပ်တဲ့အတွက်ကြောင့် ဒေသခံတွေ ဘယ်လောက်အထိ ထိခိုက်ခံစားရမယ်ဆိုတာကို ပွင့်ပွင့်လင်းလင်းနဲ့ ရိုးရိုးရှင်းရှင်း ပြောစေချင်ပါတယ်။ ဒေသခံတွေရဲ့အသံကို သေချာနားထောင်ပြီး တာဝန်ယူမှု၊ တာဝန်ခံမှုရှိရှိနဲ့ လုပ်ဆောင်စေချင်ပါတယ်။ ဒေသခံတွေကို သတင်းအချက်အလက်အပြည့်အစုံမပေးဘဲ လျှပ်စစ်မီးရမယ်ဟေ့လို့ပဲပြောပြီးတော့ ဒေသခံတွေနဲ့သဘောတူညီမှုယူမယ်။ နောင်နှစ်ပေါင်း ၅၀၊ ၆၀ လောက်အထိ မျိုးဆက်အလိုက် ဒုက္ခတွေခံစားရမယ့်ကိစ္စမျိုး မပြောပြဘဲနဲ့လုပ်တဲ့ စီမံကိန်းတွေကို လုပ်ဆောင်သွားမယ်ဆိုရင် ကျွန်တော်တို့က ကန့်ကွက်သွားပါမယ်” ဟု ကိုဧပရယ်ဂျူးဂျူးက ဆက်လက်ပြောကြားသည်။ 

လက်ရှိ တာစမ်း-မိုင်းတုံ ရေအားလျှပ်စစ်စီမံကိန်းမှ ရရှိလာမည့် အကျိုးအမြတ်မှာ နိုင်ငံတော်အတွက်ရရှိမှုနည်းခြင်း၊ စီမံကိန်း မစတင်မီကတည်းက စီမံကိန်းဝန်းကျင်ဒေသများမှ သစ်ပင်များအား ခုတ်ထွင်သွားခြင်း၊ ရေလွှမ်းမိုးနိုင်မည့် ဒေသများမှ ဒေသခံများ ပြောင်းရွှေ့ပေးခဲ့ရခြင်းစသည့် အခြေအနေများ ဖြစ်ပွားနေပြီး ဒေသခံအများစုမှာ ထိုင်းနိုင်ငံသို့ ပြောင်းရွှေ့သွားကြသည့်အခြေအနေများရှိကြောင်း ရှမ်းပြည်နယ်အရှေ့ပိုင်း မိုင်းဆက်ခရိုင် ဒေသခံတစ်ဦးဖြစ်သူ စိုင်းဆိုင်ဝန်းက ပြောကြားသည်။ 

“ဒီလို စီမံကိန်းမျိုး အကောင်အထည်မဖော်ခင်အချိန်မှာတောင် ဒေသခံတွေအနေနဲ့ အခက်အခဲအများကြီးတွေ့ကြုံနေရတော့ ဒီစီမံကိန်းဖြစ်ပေါ်လာရင် စီမံကိန်းအောက်ဘက်မှာနေထိုင်ကြတဲ့ ဒေသခံပြည်သူတွေ မှီခိုအားထားနေကြရတဲ့နေရာတွေ ရေတွေနစ်မြုပ်မှာဖြစ်တဲ့အတွက် ကျွန်တော်တို့ဒေသ ခံတွေအနေနဲ့ အထူးပဲစိုးရိမ်မှုတွေဖြစ်ပေါ်နေပါတယ်။ အဲဒီစီမံကိန်းက ရေအားလျှပ်စစ် မဂ္ဂါဝပ် ၇၀၀၀ လောက်ထုတ်မယ်လို့သိထားပေမယ့် ကိုယ့်နိုင်ငံအတွက် မဟုတ်ဘူးလို့လည်း သိထားပါတယ်” ဟု စိုင်းဆိုင်ဝန်းက ဆက်လက်ပြောကြားသည်။ 

“ကွမ်းလုံ ရေကာတာစီမံကိန်းကတော့ သံလွင်မြစ်ပေါ်တည်ဆောက်မယ့် ရေကာတာ ငါးခုအနက် အဖြစ်နိုင်ဆုံး ရေကာတာလို့ ပြောလို့ရပါတယ်။ စက်ယန္တရားတွေလည်း အကုန်လုံးရောက်နေတယ်။ နောက်စီမံကိန်း ကိုသွားတဲ့ ကွန်ကရစ်လမ်းလည်း ဖောက်ပြီးသွားပြီ။ ကွမ်းလုံနဲ့တရုတ်နိုင်ငံနဲ့က ဆိုင်ကယ်နဲ့ဆိုရင်တောင် နာရီဝက်လောက်ပဲ သွားရတယ်။ စီမံကိန်းကိုတော့ အခုလောလောဆယ် လုံခြုံရေးမယူနိုင်လို့ ရပ်ဆိုင်းထားတဲ့သဘောမှာရှိတယ်” ဟု ကွမ်းလုံမြို့ဒေသခံတစ်ဦးဖြစ်သူ ယော်ဘောမ်က ဆိုသည်။ 

ယင်းစီမံကိန်းနှင့် ပတ်သက်ပြီး ဒေသခံများအနေဖြင့် သဘောမတူကြောင်း၊ အဆိုပါ ရေကာတာတည်ဆောက်ပြီးစီးပါက မိမိတို့ ဒေသခံပြည်သူများ၏ လူမှုဘဝများ၊ သဘာဝ အရင်းအမြစ်များ ဆုံးရှုံးသွားနိုင်ကြောင်း၊ ကွမ်းလုံမြို့အနေဖြင့် ရေကာတာနှင့်ပတ်သက်ပြီး ရေဝပ်ဧရိယာအတွင်း မပါဝင်သော်လည်း ရေကာတာတည်ဆောက်မည့်နေရာမှာ မြို့၏အထက်ပိုင်း ငါးမိုင်ခန့်အကွာတွင် တည်ဆောက်မည်ဖြစ်သည့်အတွက် မြို့အား သေနတ်ဖြင့် ချိန်ထားသကဲ့သို့ဖြစ်နေကြောင်း၊ အဆိုပါ ရေကာတာကျိုးပေါက်မှုဖြစ်ပါက ကွမ်းလုံမြို့အတွက် အန္တရာယ်ရှိသည့်အတွက် စိုးရိမ်မှုများဖြစ်ပေါ်နေကြောင်း ယော်ဘောမ်က ဆက်လက်ပြောကြားသည်။ 

အဆိုပါ သံလွင်မြစ်ပေါ်တည်ဆောက်မည့် ရေကာတာစီမံကိန်းများ၏ လတ်တလော အခြေအနေများနှင့်ပတ်သက်ပြီး သတင်းစာရှင်းလင်းပွဲပြုလုပ်ခြင်းနှင့်အတူ ယခုနှစ် မတ် ၁၄ ရက်က မန္တလေးမြို့တွင် ပြုလုပ်ခဲ့သည့် အပြည်ပြည်ဆိုင်ရာ မြစ်ချောင်းများနေ့ အခမ်းအနားနှင့် ပတ်သက်ပြီး ရိုက်ကူးထားသော မြစ်ချောင်းများ လွတ်လပ်စွာ စီးဆင်းပါစေ မှတ်တမ်းဗွီဒီယိုအား မိတ်ဆက်ပြသခဲ့သည်။ 

Eleven Media Group

0 comments:

Post a Comment