Monday, April 29, 2019

မြောက်ပိုင်း(၄)ဖွဲ့ နှင့် ဆွေးနွေးပွဲကနေ (NCA) လက်မှတ်ထိုးရေးမျှော်လင့် ဟုဆို


မြန်မာ-တရုတ်နယ်စပ် မူဆယ်မြို့မှာ ဧပြီ(၃၀)ရက်နေ့ ကျင်းပဖို့ပြင်ဆင်ထားတဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန(NRPC)နဲ့ ကချင်လက်နက်ကိုင်(KIO)၊ တအဲာန်း လက်နက်ကိုင်(TNLA)၊ ကိုးကန့် လက်နက်ကိုင် (MNDAA)နဲ့ ရခိုင်တပ်ဖွဲ့(AA) စတဲ့ မြောက်ပိုင်း(၄)ဖွဲ့ ဆွေးနွေးပွဲကနေ တနိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးနိုင်ရေးအထိ မျှော်လင့်ထားတယ်လို့ NRPC အဖွဲ့ဝင်ကိုယ်စားလှယ်တဦးဖြစ်တဲ့ ဦးလှမောင်ရွှေက ပြောပါတယ်။ 
ဒါ့အပြင် ဒီဆွေးနွေးပွဲဟာ ပြီးခဲ့တဲ့လပိုင်းတုန်းက တရုတ်နိုင်ငံ ကူမင်းမြို့မှာပြုလုပ်ခဲ့တဲ့ ဆွေးနွေးပွဲရလာဒ်တွေအပေါ် အခြေခံပြီး NCA လက်မှတ်ရေးထိုးရေးအတွက် ဦးတည်ဆွေးနွေးတာဖြစ်တယ် လို့လည်း ဦးလှမောင်ရွှေက ပြောပါတယ်။ အစိုးရဘက်ကတော့ NCA လက်မှတ်ရေးထိုးပြီးတော့ နိုင်ငံရေးလုပ်ငန်းစဉ်တွေမှာ ပါလာနိုင်ဖို့ ရည်စူးတာဖြစ်ပေမယ့် NCA မထိုးနိုင်ခင်မှာ (၂)ဖက် ပြသနာတွေ မကြီးထွားစေရေးအတွက် တာဝန်ယူထိမ်းသိမ်းတဲ့ သဘောတူချက် ကတိက၀တ် (DoC) လိုမျိုး ထိုးနိုင်ဖို့ တိုင်းရင်းသား လက်နက်ကိုင်တွေ ဘက်က ကမ်းလှမ်းတာမျိုးတွေရှိတယ်လို့လည်း ဦးလှမောင်ရွှေက ပြောပါတယ်။ 

ဧပြီ (၃၀)ရက်မှာ တွေ့ဆုံမယ့်ဆွေးနွေးပွဲကို အမျိုးသားပြန်လည် သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန(NRPC)က ဦးသိန်းဇော်၊ ဦးခင်ဇော်ဦး၊ ဦးဇော်ဌေးနဲ့ ဦးလှမောင်ရွှေတို့ တက်ရောက်မှာဖြစ်တယ်လို့ သိရပါတယ်။ 

မြောက်ပိုင်း(၄)ဖွဲ့ဖြစ်တဲ့ (KIO) အဖွဲ့ကတော့ အတွင်းရေးမှူး ဦးထိန်နန် ဦးဆောင်တဲ့ကိုယ်စားလှယ်(၅)ဦး၊ (AA) အဖွဲ့ကတော့ ဒေါက်တာညိုထွန်းအောင် ဦးဆောင်တဲ့ ကိုယ်စားလှယ် (၃)ဦး၊ (TNLA) အဖွဲ့ကတော့ ဗိုလ်မှူး တာအိုက်ကျော်ဦးဆောင်တဲ့ ကိုယ်စားလှယ် (၃)ဦးနဲ့ (MNDAA) ကတော့ ဦးဝင်းနိုင် ဦးဆောင်တဲ့ကိုယ်စားလှယ်(၂) ဦး တက်ရောက်မှာဖြစ်တယ်လို့ သိရပါတယ်။


One News Myanmar 


0 comments:

Post a Comment