Monday, April 29, 2019

စင်ကာပူနှင့်အမေရိကန်တို့ထက် မီးပြတ်တောက်မှုကို နာရီပိုင်းအတွင်း ဖြေရှင်းနိုင်ကြောင်း လျှပ်စစ်နှင့်စွမ်းအင် ဒုဝန်ကြီးပြော


စင်ကာပူနဲ့ အမေရိကန်လိုနိုင်ငံတွေမှာ လျှပ်စစ်ဓာတ်အား ပြတ်တောက်သွားရင် ရက်နဲ့ချီ ကြာပေမယ့် မြန်မာနိုင်ငံမှာတော့ လျှပ်စစ်ဓာတ်အားပြတ်တောက်မှုကို နာရီပိုင်းအတွင်း ပြန်လည် ကောင်းမွန်အောင်လုပ်ဆောင်နိုင်တယ်လို့ လျှပ်စစ်နှင့် စွမ်းအင် ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်က ပြောကြားလိုက် ပါတယ်။ 
  
ဧပြီ(၂၉)ရက်က ကျင်းပတဲ့ ပြည်သူ့လွှတ်တော်မှာ ကျောက်တံတား မဲဆန္ဒနယ်က ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးနေမျိုးထက်က “အခုနှစ်နွေရာသီမှာ လျှပ်စစ်သုံးစွဲမှု အခြေအနေနဲ့ လျှပ်စစ် ဓာတ်အား မပြတ်တောက်ဖို့ စီစဉ်ထားမှုအခြေအနေ”ကို မေးမြန်း ရာမှာ အခုလိုထည့်သွင်းပြောကြားသွားတာပါ။ 
ဒုတိယဝန်ကြီးက “ပြည်သူတွေ လျှပ်စစ်ဓာတ်အားရရှိနိုင်ဖို့အတွက် ဝန်ကြီးဌာနက အတတ်နိုင်ဆုံးနဲ့ အကောင်ဆုံး အခြေအနေတွေရရှိဖို့ အထူးကြိုးပမ်းစီစဉ် ပေးနေ တယ်”လို့လည်းပြောပါတယ်။ အခုအချိန်ဟာ ဆည်ရေတွေ ကျဆင်းသွားတာကြောင့် နွေရာသီ ကာလမှာ မျှတခွဲဝေသုံးစွဲတဲ့အစီအစဉ်နဲ့ လျှပ်စစ်ပေးနေတယ်လို့ ဆိုပါတယ်။ 
မေးခွန်းရှင် ဦးနေမျိုးထက်က “ဆည်ရေလျော့သွားလို့ လျှပ်စစ် ဓာတ်အား မျှဝေမှု လျော့ကျသွားတာဆိုရင် နွေရာသီဆိုတာ နှစ်စဉ်ဖြတ်သန်းနေရတာမို့ နောက်နှစ်တွေမှာလည်း လျှပ်စစ်ပြတ်တောက်မှုမရှိအောင် စီမံထားမှု အခြေအနေကို” ထပ်ဆင့်မေးမြန်း ခဲ့ပါတယ်။ အဲဒီမေးမြန်းမှုကို ဒုတိယဝန်ကြီးက ပြန်လည်ဖြေကြားရာမှာတော့ “အခြားနိုင်ငံတွေမှာ လျှပ်စစ်ဓာတ်အား ပြတ်တောက်မှု နည်းတယ်ဆိုတာဟာ အဲနိုင်ငံတွေရဲ့ လျှပ်စစ်ကဏ္ဍ မှာသုံးစွဲတဲ့ ဘတ်ဂျက်ငွေနဲ့ မြန်မာနိုင်ငံရဲ့ လျှပ်စစ်ကဏ္ဍ သုံးစွဲတဲ့ ဘတ်ဂျက်ကို နှိုင်းယှဉ်ဖော်ပြပေးစေလိုတယ်”လို့ ပြောပါတယ်။ 
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနအနေနဲ့ (၂၀၁၉)ခုနှစ် နွေရာသီကာလ ဓာတ်အားစနစ် အတွင်း လအလိုက်အမြင့်ဆုံး ဖြစ်ပေါ်လာနိုင်တဲ့ ဓာတ်အားလိုအပ်ချက်တွေကို ခန့်မှန်း တွက်ချက်ခဲ့ရာ ဇန်နဝါရီလမှာ (၃၄၈၀)မဂ္ဂါဝပ်၊ ဖေဖော်ဝါရီလမှာ (၃၅၇၇)မဂ္ဂါဝပ်၊ မတ်လမှာ (၃၈၀၇)မဂ္ဂါဝပ်၊ ဧပြီလမှာ (၃၉၁၇)မဂ္ဂါဝပ် နဲ့ မေလမှာ (၃၈၇၈) မဂ္ဂါဝပ် အသီးသီးဖြစ်ပေါ်နိုင်တယ်လို့ ခန့်မှန်းတွက်ချက်ရရှိခဲ့ပေမယ့် အမှန်တကယ် ဓာတ်အား သုံးစွဲမှုမှာတော့ ဇန်နဝါရီလမှာ (၃၃၀၄) မဂ္ဂါဂပ်၊ ဖေဖော်ဝါရီလမှာ (၃၄၉၇)မဂ္ဂါဝပ်၊ မတ်လမှာ (၃၆၅၄) မဂ္ဂါဝပ်နဲ့ ဧပြီလမှာ (၃၆၀၉)မဂ္ဂါဝပ်သာရှိခဲ့တယ်လို့ သိရပါတယ်။ 



သတင်း - မင်းဇင်
One News Myanmar 

0 comments:

Post a Comment