Monday, April 29, 2019

မွန်ပြည်နယ် (၃)မြို့နယ်တွင် နှစ်ပေါင်း(၅၀)ကျော်အတွင်း အပူချိန် စံချိန်တင်


မွန်ပြည်နယ်ရှိ မြို့နယ်(၃)ခုမှာ နှစ်(၅၀)အတွင်း စံချိန်တင်အပူချိန်ကို ရောက်ရှိခဲ့တယ်လို့ မွန်ပြည်နယ်၊ မိုးလေ၀သနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ဦးစီးအရာရှိ ဒေါ်သိင်္ဂီထွန်းက ပြောပါတယ်။ အမြင့်ဆုံးစံချိန်တင်အပူချိန်ကို ရောက်ရှိခဲ့တဲ့ မြို့နယ်(၃)ခုကတော့ သထုံ၊ ဘီးလင်းနဲ့ ရေးမြို့နယ်တို့ဖြစ်ပါတယ်။ မွန်ပြည်နယ်မှာ အပူချိန်တိုင်းတာရေးစခန်း ဖွင့်လှစ်ပြီး နှစ်ပေါင်း(၅၀)ကျော်ကာလအတွင်း အခုလို စံချိန်တင် အမြင့်ဆုံးအပူချိန်ကို ရောက်ရှိတာဖြစ်တယ်လို့ ဒေါ်သိင်္ဂီထွန်းက ပြောပါတယ်။ 
လက်ရှိအချိန်မှာ အဲဒီမြို့နယ်တွေရဲ့ စံချိန်တင်အမြင့်ဆုံးအပူချိန်တွေကတော့ သထုံမြို့မှာ (၄၀.၃) ဒီဂရီ စင်တီဂရိတ်၊ ဘီးလင်းမြို့မှာ (၄၁.၄)ဒီဂရီစင်တီဂရိတ်နဲ့ ရေးမြို့မှာ (၄၁) ဒီဂရီစင်တီဂရိတ် ဖြစ်တယ်လို့ သိရပါတယ်။ လက်ရှိမှာ အပူချိန်မြင့်မားနေတာတွေကြောင့် ဆည်မြောင်းတွေ၊ ရေတွင်း၊ ရေကန်တွေ ခန်းခြောက်သလို တချို့ရပ်ကွက်၊ ကျေးရွာတွေမှာ သောက်သုံးရေရှားပါးမှုနဲ့ ကြုံတွေ့နေရတယ်လို့ သိရပါတယ်။ 

အပူချိန်မြင့်တက်မှုတွေ ဖြစ်ပေါ်နေတာဟာ သစ်တောပြုန်းတီးလို့ ရာသီဥတုပြောင်းလဲတာနဲ့ လူတွေသုံးစွဲတဲ့ ဇိမ်ခံပစ္စည်းက ထွက်ရှိတဲ့ ကာဗွန်ဒိုင်အောက်ဆိုဒ်ဓာတ်ငွေတွေ့ကြောင့် လေထုပူနွေးလာပြီး အပူချိန်တိုး လာတာဖြစ်တယ်လို့ မိုးလေ၀သပညာရှင်တွေက ပြောပါတယ်။ ဒါကြောင့် အပူဒဏ်ကို ကာကွယ်နိုင်ဖို့အတွက် ကျန်းမာရေးဦးစီးဌာနနဲ့ မိုးလေ၀သနှင့်ဇလဗေဒဦးစီးဌာနက ထုတ်ပြန်တဲ့ ထုတ်ပြန်ချက်တွေကို လေ့လာမှတ်သားပြီး လိုက်နာဆောင်ရွက်ဖို့ လိုအပ်တယ်လို့လည်း ဆိုပါတယ်။ 

သတင်း - ဗထူး
One News Myanmar 

0 comments:

Post a Comment