Monday, April 29, 2019

ဘင်္ဂလားဒေ့ရှ်-တရုတ်-အိန္ဒိယ-မြန်မာ စီးပွားရေးစင်္ကြံလမ်းကို တရုတ်၏ BRI စီမံကိန်းစာရင်းမှ ဖယ်ရှား


တရုတ်၏ ဒေါ်လာဘီလျံပေါင်းများစွာ ကုန်ကျမည့် BRI စီမံကိန်းများစာရင်း၌ မူလက ပါဝင်သည့် ဘင်္ဂလားဒေ့ရှ်-တရုတ်-အိန္ဒိယ- မြန်မာစီးပွားရေးစင်္ကြံလမ်းသည် BRI ဖိုရမ် နောက်ဆုံးနေ့၌ ထုတ်ပြန်သည့် စာရင်းအသစ်တွင် ပါဝင်လာခြင်း မရှိတော့ကြောင်း သိရသည်။ 
တရုတ်နိုင်ငံ၏ ဒုတိယအကြိမ်မြောက် BRI ဖိုရမ်ကို အစိုးရအဖွဲ့များနှင့် နိုင်ငံအကြီးအကဲ ၃၇ ဦး တက်ရောက်ခဲ့ပြီး ဧပြီ ၂၇ ရက်တွင် အမေရိကန်ဒေါ်လာ ၆၄ ဘီလျံ တန်ဖိုးရှိသော သဘောတူညီချက်များကို လက်မှတ်ရေးထိုးခဲ့ကြသည်။ ယင်းတို့၌ တရုတ်အစိုးရ၏ ဒေါ်လာထရီလျံနှင့်ချီလျက် တန်ဖိုးရှိသည့် BRI စီမံကိန်းကို အချုပ်အချာအာဏာနှင့် နယ်မြေပိုင်ဆိုင်မှုဆိုင်ရာ အသိအမှတ်ပြုမှုဖြင့် အတည်ပြုချက် ပေးခဲ့ကြသည်။ 

၂၀၁၇ ခုနှစ်က ပြုလုပ်သည့် ပထမအကြိမ် BRI ဖိုရမ်ကဲ့သို့ပင် အိန္ဒိယသည် တရုတ်-ပါကစ္စတန် စီးပွားရေးစင်္ကြံလမ်း (CPEC) နှင့်ပတ်သက်၍ ၎င်း၏ ကန့်ကွက်မှုများကြောင့် အဆိုပါ ဖိုရမ်ကို လျစ်လျူပြုခဲ့သည်။ 

ဖိုရမ်ပိတ်ပွဲ၌ ထုတ်ပြန်ခဲ့သည့် ပူးတွဲကြေညာချက်တစ်ရပ်တွင် ဆက်သွယ်ဆောင်ရွက်မှုဖြင့် အရှိန်မြှင့်ခြင်းနှင့် ထောက်ခံအားပေးခြင်းပြုလုပ်သည့် စီးပွားရေးစင်္ကြံလမ်းများနှင့် အခြားစီမံကိန်းများ၏ အမည်များကို နောက်ဆက်တွဲတစ်ရပ်အနေဖြင့် ထည့်သွင်းဖော်ပြခဲ့သည်။ 

CPEC ၊ (နီပေါ-တရုတ် နယ်ခြားဖြတ် ကျော်ရထားလမ်းပါဝင်သည့်) နီပေါ-တရုတ် ဟိမဝန္တာဖြတ်ကျော် ဘက်စုံဆက်သွယ်ရေးကွန်ရက်နှင့် တရုတ်-မြန်မာ စီးပွားရေးစင်္ကြံလမ်း (CMEC) တို့ကိုမူ တောင်အာရှဒေသ စာရင်း၌ ထည့်သွင်းဖော်ပြထားသည်ကို တွေ့ရှိရသည်။ 

၂၀၁၃ ခုနှစ် စီမံကိန်းစတင်ချိန်၌ BRI ၏ အစိတ်အပိုင်းအဖြစ်မူလက ဖော်ပြခဲ့သော ဘင်္ဂလားဒေ့ရှ်-တရုတ်-အိန္ဒိယ- မြန်မာစီးပွားရေးစင်္ကြံလမ်း (BCIMEC) ကို BRI အောက်၌ ဖော်ပြထားသော စီမံကိန်းများ စာရင်းအသစ်၌ ထည့်သွင်းခဲ့ခြင်း မရှိတော့သည်ကို တွေ့ရှိရသည်။ အဆိုပါ စာရင်းအသစ်တွင် စင်္ကြံလမ်း ၃၅ ခု ပါဝင်သည်။ 

BRI ၌ အထင်ကရ စီမံကိန်းတစ်ခုအဖြစ်ပါဝင်သော CPEC သည် ပါကစ္စတန်တို့ သိမ်းပိုက်ထားသော ကက်ရှ်မီးယားဒေသအခြမ်း CPEC ကို ဖြတ်ကျော်ရမည်ဖြစ်သောကြောင့် အိန္ဒိယက ကန့်ကွက်ခဲ့ခြင်းဖြစ်သည်။ 

ကီလိုမီတာ ၂၈၀၀ ရှည်လျားမည့် BCIMEC သည် တရုတ်နိုင်ငံ ယူနန်ပြည်နယ် ကူမင်းမြို့နှင့် အိန္ဒိယနိုင်ငံ ကိုးလ်ကတ္တားတို့ကို ဆက်သွယ်မည့်လမ်းဖြစ်ပြီး မြန်မာနိုင်ငံ မန္တလေးမြို့နှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒါကာမြို့တို့ကို ဖြတ်သန်းသွားမည် ဖြစ်သည်။ 

ကီလိုမီတာ ၁၇၀၀ ရှည်လျားမည့် CMEC သည် အိန္ဒိယသမုဒ္ဒရာသို့ ပင်လယ်ထွက်ပေါက်ရမည့် တရုတ်၏ အချက်အချာ စီမံကိန်းတစ်ရပ်ဖြစ်သည်။ ယင်းသည် တရုတ်နိုင်ငံ ယူနန်ပြည်နယ်မှနေ၍ မြန်မာနိုင်ငံ အလယ်ပိုင်း မန္တလေးမြို့သို့ ရောက်ရှိမည်ဖြစ်သည်။ ယင်းသည် မြန်မာနိုင်ငံ ရန်ကုန်မြို့သို့ ဦးတည်သွားကာ ဘင်္ဂလားပင်လယ်အော်ရှိ ကျောက်ဖြူအထူးစီးပွားရေးဇုန် (SEZ) ၌ အဆုံးသတ်မည်ဖြစ်သည်။ 

ယင်းကဲ့သို့ပင် နီပေါ-တရုတ် ဟိမဝန္တာ ဖြတ်ကျော် ဘက်စုံဆက်သွယ်ရေးကွန်ရက်သည် ချန်ဒူးမြို့မှစတင်ကာ စီချွမ်-တိဘက် အဝေးပြေးလမ်းမ သို့မဟုတ် စီချွမ်-တိဘက် ရထားလမ်းသို့ ဆက်သွယ်မည်ဖြစ်သည်။ 

တိဘက်မှ ရထားလမ်းသည် ယာအန်း၊ ကမ်ဒို၊ လာဆာနှင့် ရှီဂါဆေးမြို့များမှတစ်ဆင့် ခတ္တမန္ဒူမြို့သို့ ထပ်မံချဲ့ထွင်မည်ဖြစ်သည်။ 

Ref ; The Times of India
Eleven Media Group

0 comments:

Post a Comment