Monday, April 29, 2019

အိုင်စစ် အထူးခေါင်းဆောင် အဘူဘေကာအယ်လ်ဘက္ကာဒီ ပြန်ပေါ်လာ၊ အကြမ်းဖက် တိုက်ခိုက်ရေးသမားများ ဖမ်းဆီး/အသတ်ခံရသည့်အတွက် လက်စားချေမည်ဟုဆို



“ အီရတ်နှင့် မြေထဲပင်လယ်အရှေ့ပိုင်း အစ္စလာမ်မစ်နိုင်ငံတော် “Islamic State of Iraq and the Levant (ISIL) ၏ အထူးခေါင်းဆောင်ကြီး အဘူဘေကာအယ်လ်ဘက္ကဒီသည် ၅ နှစ်ကြာ ပျောက်ကွယ်နေရာမှ ယနေ့ အိုင်စစ်တို့အာဘော်အဖွဲ့က လွှင့်ထုတ်သော ဗွီဒီယိုတွင် တဖန်ပြန်လည် မြင်တွေ့ရသည်ဟု Al Jazeera နှင့် နိုင်ငံတကာမီဒီယာကြီးများက ယနေ့ဖော်ပြသည်။ 

အိုင်စစ်တို့၏ အယ်လ်ဖာကန် မီဒီယာကွန်ယက်က အဘူဘေကာအယ်ဘက္ကာဒီအား ၄င်းတို့၏ အထူးခေါင်းဆောင်ကြီးအဖြစ် ရည်ညွှန်း၍ အဘူဘေကာ၏ မိန့်ခွန်းဗွီဒီယိုကို ထုတ်လွှင့်ခြင်းဖြစ်ကြောင်း သိရှိရသည်။ 
မှတ်တမ်းဗွီဒီယိုတွင် ၄င်း၏ ရဲဘော်ရဲဖက် တိုက်ခိုက်ရေးသမားများ အသတ်ခံရခြင်းနှင့် ဖမ်းဆီးအကျဉ်းချထားခြင်းအတွက် လက်စားချေမည်ဖြစ်ကြောင်း အယ်လ်ဘက္ကာဒီက ပြောကြားသည်။ 
သို့သော် ၄င်းအနေဖြင့် ယခုလက်ရှိဖြစ်ပွားဆဲ သီရိလင်္ကာတွင် ဖမ်းဆီးခြင်းခံရသူများ ( သို့မဟုတ် ) လပေါင်းများစွာ ၀န်းရံပိတ်ဆို့ပြီး လွန်ခဲ့သည့်လကုန်တွင် ဆုံးခန်းတိုင် ချေမှုန်းခြင်းခံရသည့် ဆီးရီးယားအရှေ့မြောက်ပိုင်း ဘက်ဟို့ဇ်နောက်ဆုံးခြေကုတ်စခန်းမှ အိုင်စစ်တိုက်ခိုက်ရေးသမားများကို ရည်ညွှန်းခြင်း ဟုတ်မဟုတ် ရှင်းလင်းစွာ မသိရချေ။ 
ချေမှုန်းရေး ရိုင်ဖယ် သေနတ်တစ်လက်ဘေးတွင် အနက်ရောင်ဝတ်စုံ၊ မီးခိုးရောင် မုတ်ဆိတ်နှင့် အယ်လ်ဘက္ကာဒီသည် ကူရှင်တစ်ခုပေါ်တွင် ခြေချိတ် ထိုင်နေပြီး အနီးရှိ လူ ၃ ဦး၏ မျက်နှာကိုေ၀၀ါးသွားအောင် ပုံဖျက်ထားသည်။ အယ်လဘက္ကာဒီ၏ မိန့်ခွန်း ဗွီဒီယိုမှာ ၁၈ မိနစ်ကြာမြင့်သည်။ 
သီရိလင်္ကာရှိ ညီအစ်ကိုတော်တို့သည် အသေခံဗုံးခွဲခြင်းဖြင့် ကျွန်ုပ်တို့၏ စိတ်နှလုံးကို ကုစားပေးခဲ့သည်။ ဆီးရီးယားအရှေ့မြောက်တွင် အသတ်ခံရသူတို့အတွက် သီရိလင်္ကာတွင် လက်စားချေပြခဲ့ရာ ဆိုးရွားသော ခရူးဆိတ်ဓါးများ တုန်လှုပ်ခြောက်ခြားသွားကြသည်ဟု အယ်လ်ဘကာဒီက ဆက်လက်ပြောဆိုသည်။ 
( ၂၀၁၄ ခုနှစ်တွင် စတင်ဖွဲ့စည်းသော ISIL သည် အီရတ်နှင့် ဆီးရီးယားနယ်မြေအမြောက်အမြားကို တိုတောင်းသောအချိန်အတွင်း လျင်မြန်စွာ တိုက်ခိုက်သိမ်းပိုက်ပြီးသောအခါ ( မြေထဲပင်လယ်အရှေ့ပိုင်းကိုဆိုလိုသော L ကို ဖြုတ်၍ ဆီးရီးယား S ကို ထည့်ခြင်းဖြင့် “Islamic State of Iraq and Syria (ISIS) အိုင်စစ်ဖြစ်လာသည်။ ယခုနောက်ပိုင်းတွင် “ အစ္စလာမ်မစ်နိုင်ငံတော် ( ထူထောင်သူများ )” Islamic State အိုင်အက်စ် ဟုလည်း သုံးနှုန်းကြသည်။ အရှေ့အလယ်ပိုင်းတွင် ၄င်းတို့ကို အာရဗီဘာသာဖြင့် Daesh “ ဒေရှ့်“ ဟု ခေါ်ကြသည်။ 
အဘူဘေကာအလ်ဘက္ကာဒီ ဆိုသည့် အမည်တွင် “ အယ်လ်ဘက္ကာဒီ “ မှာ ဘက္ကဒက်မြို့သားဟု ဆိုလိုပြီး “ အဘူဘေကာ “ မှာ အစ္စလာမ်တွင် တမန်တော်မိုဟာမက်နောက် ပထမဆုံးဆက်ခံသည့် သာဝကကြီး “ ခလီဖာ “ “ အဘူဘေကာ“ မှ ယူထားခြင်းဖြစ်သည်။ 
အီရတ်လူမျိုး အယ်လ်ဘက္ကာဒီသည် ဆွန်နီအစ္စလာမ်တစ်ဦးဖြစ်ပြီး ဆဒမ်အစ္စလာမ်တက္ကသိုလ်မှ ဘာသာရေးဆိုင်ရာ ဘွဲ့လွန်ပါရဂူ ( ဒေါက်တာဘွဲ့ ) ရရှိသည်။ သူသည် အယ်လ်ကိုင်ဒါ၏ အီရတ်ဆိုင်ရာအဖွဲ့ “ ဂျဘတ်အယ်လ်နူးဆာ “ မှ ဖြစ်ပြီး ၊ ၂၀၁၄ ခုနှစ်တွင် “ အီရတ်နှင့် မြေထဲပင်လယ်အရှေ့ပိုင်း အစ္စလာမ်မစ်နိုင်ငံတော် ( ISIL ) ကို ထူထောင်၍ သူ့ကိုယ်သူ “ ခလီဖာ“ တစ်ပါးအဖြစ် ကြေညာကာ “ ခလီဖာအီဘရာဟင် “ အမည်ကို ခံယူသည်။ 
လက်ရှိ အယ်လ်ကိုင်ဒါတို့က သူ့အား ထုတ်ပယ်သည့်အပြင် အသိအမှတ်လည်း မပြုချေ။ အစ္စလာမ်ကမ္ဘာတွင်လည်း အယ်လ်ဘက္ကာဒီ၏ လုပ်ကိုင်ပုံမှာ ဘာသာရေး ထုံးတမ်းလာနှင့် သွေဖီကြောင်း အငြင်းအခုန်ဖြစ်ရသည်။ 
အိုင်စစ် ( ISIS ) တို့သည် အယ်လ်ကိုင်ဒါလူဟောင်းများဖြစ်ကြသော်လည်း အယ်လ်ကိုင်ဒါနှင့် အိုင်စစ်တို့မှာ အတူတူ မဟုတ်သည့်အပြင် သင့်မြတ်ခြင်းလည်းမရှိ၊ ရည်မှန်းချက်ချင်းလည်း မတူချေ။ အိုင်အက်စ်တို့က ယခု ၂၁ ရာစုတွင် " ခရူးဆိတ်ဓါး"( အစ္စလာမ်မဟုတ်သူ) များကို သုတ်သင်ကာ ကမ္ဘာကြီးတစ်ခုလုံးအား ခလီဖိတ်အစ္စလာမ်မစ်နိုင်ငံတော်များဖြင့် ထူထောင်ရန်ဖြစ်သည်။ 
ထို့ကြောင့် ဆီးရီးယားပြည်တွင်းစစ်တွင် ( ၁ ) ဆီးရီးယားအစိုးရ ( ၂ ) သမ္မတအာဆတ်ဖယ်ရှားရေး သူပုန် ( ၃ ) ကာ့ဒ်လက်နက်ကိုင်များ ( ၄ ) အယ်လ်ကိုင်ဒါနှင့် အိုင်စစ် ဟူ၍ အုပ်စုကြီး ၄-စုတို့ အပြန်ပြန် အလှန်လှန် ယှဉ်ပြိုင်စစ်ခင်းနေကြခြင်းဖြစ်တော့သည်။ ။ 

Htay Oung (အကုန်သိ သတင်းဌာန)


0 comments:

Post a Comment