Monday, April 29, 2019

သဘာဝကပ်ဘေးများက ဘင်္ဂလားဒေ့ရှ် ကလေးငယ် ၁၉ သန်း၏ အနာဂတ်ကို ခြိမ်းခြောက်နေ


ရာသီဥတုကပ်ဘေးတွေဟာ ဘင်္ဂလားဒေ့ရှ် ကလေးငယ် ၁၉ သန်းရဲ့ လက်ရှိဘဝနဲ့ အနာဂတ်ကို ခြိမ်းခြောက်နေတယ်လို့ ကုလသမဂ္ဂက ပြောလိုက်ပါတယ်။ 
ဆိုင်ကလုန်းမုန်တိုင်းတွေ၊ ရေကြီးရေလျှံမှုတွေနဲ့ တခြား သဘာဝကပ်ဘေးတွေဟာ ဘင်္ဂလားဒေ့ရှ်ကလေးငယ် ၁၉ သန်းရဲ့ လက်ရှိ နေထိုင်မှုဘဝတွေနဲ့ အနာဂတ်တွေကို ခြိမ်းခြောက်နေတယ်လို့ ကုလသမဂ္ဂ ကလေးများရန်ပုံငွေအဖွဲ့ ယူနီဆက်ဖ်ရဲ့ ဧပြီ ၅ ရက် ထုတ်ပြန်ချက်က ဆိုပါတယ်။ 

အနိမ့်ပိုင်း မြစ်ဝကျွန်းပေါ်နိုင်ငံဖြစ်တဲ့ ဘင်္ဂလားဒေ့ရှ်ကို မြစ်ပေါင်း ၁၃၀ ကျော် ဖြတ်သန်း စီးဆင်းနေပါတယ်။ 

မြစ်ကမ်းပါးပြိုကျတာ၊ ရေကြီးတာနဲ့ စိုက်ပျိုးတဲ့မြေယာတွေမှာ ဆားဓာတ်ပါဝင်နှုန်း မြင့်တက်တာ စတဲ့ ဆိုးရွားတဲ့ ရာသီဥတုဒဏ်ကြောင့် နိုင်ငံတလွှား မိသားစုတွေဟာ ကျေးရွာတွေကနေ မြို့ကြီးတွေကို ရွှေ့ပြောင်းကြရပါတယ်။ 

ကုလသမဂ္ဂ ကလေးများရန်ပုံငွေအဖွဲ့ ပြောခွင့်ရ ယန်းယက်စီမွန်က “ထောင်ချီတဲ့ ကလေးတွေရဲ့ဘဝဟာ မြို့ကြီးတွေမှာ အဆုံးသတ်သွားတယ်။ အဲဒီ ရွှေ့ပြောင်းကလေးငယ်တွေဟာ မြို့ပေါ်မှာ ထိခိုက်အားနည်းမှု အလွယ်ဆုံးဖြစ်လာတယ်။ ဘာလို့လဲဆိုတာ့ သူတို့မှာ ပညာသင်ခဲ့ရတဲ့ အတွေ့အကြုံ မရှိဘူး။ အန္တရာယ်များတဲ့ နေရာတွေမှာ သူတို့ အလုပ်လုပ်ကြရတယ်။ တခါတလေမှာလည်း သူတို့ဟာ လိင်လုပ်သားတွေ ဖြစ်လာကြတယ်။ ဒါဟာ ကလေးတွေအတွက် အရေးကြီးတဲ့ ပြဿနာတခုပါ” လို့ ပြောပါတယ်။ 

ဒ့ါအပြင် နောက်ထပ် ကလေးငယ် အယောက် ၄ ဒသမ ၅ သန်းဟာလည်း အင်အားပြင်း ဆိုင်ကလုန်းမုန်တိုင်းတွေ နှစ်စဉ် ဝင်ရောက်လေ့ရှိတဲ့ ကမ်းရိုးတန်းဒေသတွေမှာ နေထိုင်နေကြတယ်လို့ အဲဒီအစီရင်ခံစာက ပြောပါတယ်။ 

လူဦးရေ သန်း ၁၆၀ ကျော် နေထိုင်တဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံဟာ ဆိုင်ကလုန်း မုန်တိုင်းတွေရဲ့ ဖျက်ဆီးမှုဒဏ်ကို ဆိုးဆိုးရွားရွား ခံစားခဲ့ရတဲ့ သမိုင်းမှတ်တမ်းတွေလည်း ရှိပါတယ်။ 

ဘင်္ဂလားဒေ့ရှ်အခြေစိုက် North South University ပါမောက္ခ မီဇန်အာခန်က “နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ်တွေ၊ စီမံကိန်းတွေနဲ့ မူဝါဒတွေထဲမှာ အဓိက ထည့်စဉ်းစားရမယ့် အချက်က ရာသီဥတုပြောင်းလဲမှုက ဖြစ်နေတယ်။ ရာသီဥတု ပြောင်းလဲမှု အားနည်းချက်ကို သေသေချာချာ မကိုင်တွယ်နိုင်ဘူးဆိုရင် နိုင်ငံဖွံ့ဖြိုးမှုလည်း နှောင့်နှေးလိမ့်မယ်” လို့ ဆိုပါတယ်။ 

၁၉၇၀ ခုနှစ်က ဘင်္ဂလားဒေ့ရှ်နိုင်ငံကို အားပြင်းတဲ့ ဆိုင်ကလုန်းမုန်တိုင်းတခု ဝင်ရောက်မှုကြောင့် လူသုံးသိန်းကျာ် သေဆုံးခဲ့ပါတယ်။

DVB

0 comments:

Post a Comment