Monday, April 29, 2019

စင်္ကာပူအစိုးရကို ဖေ့စ်ဘွတ်က ဝေဖန်သူ ဒဏ်ငွေချမှတ်ခံရ


စင်္ကာပူနိုင်ငံရဲ့ တရားစီရင်ရေးစနစ်ကို ဖေ့ဘွတ်လူမှုစာမျက်နှာကနေ ဝေဖန်မေးခွန်းထုတ်ခဲ့တဲ့ လူ့အခွင့်အရေး လှုပ်ရှားသူတစ်ဦးကို တရားရုံးက စင်္ကာပူဒေါ်လာ ငါးထောင် ဒဏ်ငွေပေးဆောင်ရန်နဲ့ တကယ်လို့ ဒဏ်ငွေမဆောင်နိုင်ရင် ထောင်ဒဏ် တစ်ပတ်ကျခံရန် တနင်္လာနေ့ မနေ့က ချမှတ်လိုက်ပါတယ်။ ဒါ့အပြင် တရားရုံးစရိတ်အဖြစ် နောက်ထပ် စင်္ကာပူဒေါ်လာ ခုနှစ်ထောင် ပေးဆောင်ရမယ်လို့လည်း အမိန့်စာမှာ ဖော်ပြထားပါတယ်။ 
အဲဒီ လူ့အခွင့်အရေးလှုပ်ရှားသူ Jolovan Wham ဂျိုလိုဗန် ဝှမ်း ဆိုသူက စင်္ကာပူနိုင်ငံရဲ့ တရားစီရင်ရေးမှာ အစိုးရ ဒါမှမဟုတ် နိုင်ငံရေးသမားတွေကို ဝေဖန်မှုနဲ့ ပတ်သက်ပြီး တရားစွဲတဲ့အမှုတွေမှာ ကျင့်ဝတ်တွေနဲ့အညီ ရိုးသားစွာနဲ့ လွတ်လပ်စွာ စီရင်နိုင်စွမ်းမရှိဘူးလို့ ပြီးခဲ့တဲ့ အောက်တိုဘာလက ဖေ့စ်ဘွတ်မှာ ရေးသားခဲ့တာပါ။ 

ဒီအမှုမှာ အစိုးရရှေ့နေက အခုချမှတ်ခဲ့တဲ့ ပြစ်ဒဏ်ရဲ့ ၃ ဆ ချမှတ်ဖို့ လျှောက်ထားခဲ့ပါတယ်။ ဒါပေမဲ့ တရားသူကြီးက ပြစ်ဒဏ်ကို လျှော့ပေါ့ခဲ့တဲ့အပြင် အစိုးရရှေ့နေတွေရဲ့ လျှောက်ထားတောင်းဆိုချက်မှာပါဝင်တဲ့ ဝှမ်းအနေနဲ့ သူရေးထားတဲ့စာပုဒ်ကို ဖေ့စ်ဘွတ်ကနေ ပြန်လည်ပယ်ဖျက်ပြီး တောင်းပန်ရမယ်ဆိုတဲ့ အချက်တွေကိုလည်း အမိန့်မှာ ထည့်သွင်းဖို့လည်း ငြင်းဆိုခဲ့ပါတယ်။ 

Photo: ROSLAN RAHMAN / AFP 
(လူ့အခွင့်အရေးလှုပ်ရှားသူ Jolovan Wham ကို တွေ့ရစဉ်)
RFA


0 comments:

Post a Comment