Tuesday, April 30, 2019

မိုးကုတ်မြို့တွင် ငွေကျပ် ၂၂ဝဝ သိန်းတန်ဖိုးရှိ ဘိန်းဖြူများ သိမ်းဆည်းရမိ


မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့စု(၁၆)ပြင်ဦးလွင်မှ တားဆီးနှိမ်နင်းရေးလုပ်ငန်းများဆောင်ရွက်စဉ် မိုးကုတ်မြို့တွင် ငွေကျပ် ၂၂ဝဝ သိန်းတန်ဖိုးရှိ ဘိန်းဖြူများ သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။ 
ဧပြီလ ၂၈ ရက်နေ့ မွန်းလွဲ ၁နာရီအချိန်ခန့်တွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့စု(၁၆)ပြင်ဦးလွင် (မိုးကုတ်လှုပ်ရှား)မှ တပ်ဖွဲ့ဝင်များ ပါဝင်သောပူးပေါင်းအဖွဲ့သည် သက်သေများနှင့်အတူ မိုးကုတ်မြို့နယ်၊ လယ်ကြီးရဲကင်းရှေ့တွင် တားဆီးနှိမ်နင်းရေးလုပ်ငန်းများဆောင်ရွက်နေစဉ် မိုင်းလုံမြို့ဘက်မှ မိုးကုတ်မြို့ဘက်သို့ မောင်းနှင်လာသည့် မော်တော်ယာဉ်အား စစ်ဆေးရန် ရပ်တန့်ခိုင်းခဲ့သည်။ 
ထိုသို့ရပ်တန့်ခိုင်းစဉ် မော်တော်ယာဉ်မှ မောင်းနှင်ထွက်ပြေးသဖြင့် လိုက်လံဖမ်းဆီးရာ အဆိုပါ မော်တော်ယာဉ်အား မိုးကုတ်-မိုးလုံသွားကားလမ်း၊ ကင်းချောင်းအနီးရှိ တောစပ်အတွင်း သော့ပိတ်လျက်ရပ်ထား သည်ကိုတွေ့ရှိရပြီး ယာဉ်အား ရှာဖွေရာ ယာဉ်အတွင်း သိုဝှက်သယ်ဆောင်လာသည့် ရောင်စုံဆပ်ပြာခွက်များဖြင့် ထည့်ထားသော စုစုပေါင်းဘိန်းဖြူအလေးချိန် ၂.၂ ကီလို (ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ် ၂၂ဝဝ သိန်း)တို့ အားတွေ့ရှိသိမ်းဆည်းရမိခဲ့သဖြင့် မိုးကုတ်မြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများ ဆိုင်ရာဥပဒေဖြင့် အမှုဖွင့်အရေးယူပြီး တရားခံဖမ်းဆီးရမိရေး စုံစမ်းဆောင်ရွက်လျက်ရှိကြောင်း မြန်မာနိုင်ငံ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေး ဗဟိုအဖွဲ့မှ သိရသည်။ 


Source - CCDAC 
Popular News Journal

0 comments:

Post a Comment