ရှမ်းပြည်နယ်၊ တောင်ကြီးမြို့၊ မြင်းဖြူနှစ်ကောင်ဆေးတိုက်မှာ အသတ်ခံရပြီး သေဆုံးသွားသူ ၄ ဦးရဲ့ ဈာပနကို ဒီကနေ့ ဧပြီလ ၃၀ ရက်မွန်းလွဲပိုင်းမှာ ကျင်းပဖို့ရှိပြီး စဝ်စံထွန်း ဆေးရုံကနေ တိုင်းရင်းသားပေါင်းစုံက သုသာန်သို့ ပို့ဆောင် သင်္ဂြိုလ်သွားမှာဖြစ်ပါတယ်။
တောင်ကြီးမြို့၊ ကံသာရပ်ကွက်၊ မင်္ဂလာလမ်း၊ အမှတ် (၁၁၈)ရှိ မြင်းဖြူနှစ်ကောင် ဆေးတိုက် နေအိမ်မှာ ဧပြီ ၂၈ ရက်က လေးလောင်းပြိုင်လူသတ်မှု ဖြစ်ပွားခဲ့ရာမှာ စိုင်းဆေမွန်း ၂၇ နှစ်၊ နန်းခမ်းလှိုင် ၂၄ နှစ် ၊ သားဖြစ်သူ ၇ လသားအရွယ် စိုင်းဖဖနဲ့ အလုပ်သမ မအေးမိုး ၁၇နှစ်တို့ သေဆုံးခဲ့တာပါ။
အခင်းဖြစ်ပွားတဲ့နေ့က အဲဒီအိမ်မှာမွေးထားတဲ့ အယ်လ်ဇေးရှင်းခွေးကြီး တကောင်ရှိပေမယ့် ခွေးဟောင်ခြင်းမရှိဘဲ မနက်အလုပ်သမားတွေ အလုပ်လာရောက်တဲ့ အချိန်မှ တအိမ်သားလုံး အသတ်ခံထားရတာကို တွေ့ရှိခဲ့တာဖြစ်ပါတယ်။
ဒီလူသတ်မှုမှာ ရွှေငွေ လက်ဝတ်ရတနာ တန်ဖိုး ကျပ်သိန်း ၁၅၀၀ ကျော်ဖိုးကို လူသတ်သမားက ယူဆောင်သွားတယ်လို့ တောင်ကြီး ခရိုင် ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီး ခင်မောင်ဦးက ပြောပါတယ်။
“အဲဒီနေ့စစ်ဆေးပြီးတော့ ငွေသား သိန်း ၄၀၊ ရွှေလက်ကောက်တွေဆွဲကြိုးတွေ ပုရစ်တွေပေါ့၊ ငွေဒင်္ဂါးပြားလည်း ၃၀၀၊ ရွှေချောင်း ၆ ချောင်း၊ အဲ့ဒါ တွေတွက်ချက်လိုက်တော့ သိန်း ၁၅၅၇ ကျပ် အဲလိုပါသွားတယ်၊ လောလော ဆယ်တော့ စစ်ဆေးဆဲပဲ၊ မသင်္ကာ ရှိရင်အကြောင်းကြားပေးဖို့လည်းပြောချင်ပါတယ်”လို့ ပြောပါတယ်။
အဲ့ဒီ လေးလောင်းပြိုင်လူသတ်မှုနဲ့ပတ်သက်ပြီး အသတ်ခံရသူရဲ့ မိခင် ဒေါ်နန်းခမ်းရွှေက တရားလိုပြုလုပ်ပြီး ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၃၀၂၊ ၃၉၄ နဲ့ တောင်ကြီး ရဲစခန်းမှာ အမှုဖွင့်ထားပါတယ်။
၂၀၁၈ ခုနှစ်၊ ဩဂုတ် ၂၀ ရက်ကလည်း တောင်ကြီးဆေးတက္ကသိုလ် အနောက်ဘက်ရှိ ဆောက်လုပ်ရေး အင်ဂျင်နီယာတပ်ဆွယ် လိုင်းခန်းမှာ လေးလောင်းပြိုင်လူသတ်မှု ဖြစ်ပွားခဲ့ ပေမယ့် တရားခံကို ခုချိန်ထိ ဖမ်းဆီး အရေးယူနိုင်ခြင်း မရှိသေးပါဘူး။
သတင်း- ခွန်ရာဇာ
DVB
0 comments:
Post a Comment