Monday, April 29, 2019

အမေရိကန်ကားလုပ်ငန်းတွင် ဂျပန်က ဘီလီယံ ၄၀ ကျော် ရင်းနှီးမြှုပ်နှံမည်ဟု ထရမ့်ပြော


အမေရိကန်ကားလုပ်ငန်းမှာ ဂျပန်နိုင်ငံက အမေရိကန်ဒေါ်လာ ဘီလီယံ ၄၀ ကျော် ရင်းနှီးမြှုပ်နှံသွားမယ်လို့ သမ္မတ ဒေါ်နယ်ထရမ့်က ဧပြီ ၂၇ ရက်နေ့မှာ ပြောပါတယ်။ 
ဝက်စ်ကွန်ဆင်ပြည်နယ် ဂရင်းဘေးမြို့မှာ ပြုလုပ်တဲ့ လူထုစည်းဝေးပွဲတခုမှာ သမ္မတထရမ့်က ပြောလိုက်တာပါ။ 

ဒါပေမယ့် ဂျပန် ရင်းနှီးမြှုပ်နှံမှု ဘယ်ချိန်မှာစမယ်ဆိုတဲ့ အသေးစိတ် အချက်အလက်တွေကိုတော့ မပြောခဲ့ပါဘူး။ 

ဂျပန်ကားကုမ္ပဏီတွေအနေနဲ့ အမေရိကန်နိုင်ငံမှာ လာပြီး မော်တော်ကား ထုတ်လုပ်ကြဖို့ ထရမ့်က ရှင်ဇိုအာဘေးကို အသားပေး နှိုးဆော်ခဲ့တယ်လို့ ဂျပန်နိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ရဲ့ ပြောကြားချက်ကို ကိုးကားပြီး ရိုက်တာသတင်းဌာနက ဧပြီ ၂၇ ရက်နေ့မှာ ဖော်ပြခဲ့ကြပါတယ်။ 

ထရမ့်က သူ့အနေနဲ့ ဂျပန်နိုင်ငံကို မေလသွားရောက်မှာဖြစ်ပြီး အဲဒီအချိန်မှာ နှစ်နိုင်ငံ ကုန်သွယ်ရေး သဘောတူညီမှု အသစ်တခု ပြုလုပ်နိုင်တယ်လို့ ဧပြီ ၂၆ ရက်က ပြောပါတယ်။ 

ဒါပေမယ့် အမျိုးသားလုံခြုံရေးအရ အမေရိကန်နိုင်ငံဆီကို တင်သွင်းလာတဲ့ မော်တော်ကားတွေအပေါ် ၂၅ ရာခိုင်နှုန်းအထိ အခွန်စည်းကြပ်မယ်လို့ အိမ်ဖြူတော်က ခြိမ်းခြောက်ထားပါတယ်။ 

ဂျပန်ရဲ့ အကြီးဆုံး ကားထုတ်လုပ်ရေးကုမ္ပဏီ တိုယိုတာကတော့ ၂၀၁၇ ကတိကဝတ် ဖြစ်တဲ့ ငါးနှစ်အတွင်း အမေရိကန်ဒေါ်လာ ၁၀ ဘီလီယံ ရင်းနှီးမြှုပ်နှံမှုကို ကျော်လွန်ပြီးပြီလို့ ပြီးခဲ့တဲ့လက ပြောပါတယ်။

DVB

0 comments:

Post a Comment