Monday, April 29, 2019

လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေး ဥပဒေသစ်နှင့်အညီ မကွေးတွင် စစ်ဆေးသွားမည်


၂၀၁၉ခုနှစ်၊မတ်လ(၁၅)ရက်က အသစ်ပြဋ္ဌာန်းခဲ့တဲ့ လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးဆိုင်ရာ ဥပဒေသစ်နဲ့အညီ မကွေးတိုင်းမှာ စက်ရုံ၊ အလုပ်ရုံတွေမှာ စစ်ဆေးသွားမှာဖြစ်တယ်လို့ အလုပ်ရုံနှင့် အလုပ်သမား စစ်ဆေးရေးဦးစီးဌာနက သိရပါတယ်။ 
မကွေးမြို့မှာ ဧပြီ(၂၈)ရက်မှာ ကျင်းပပြုလုပ်တဲ့ တတိယအကြိမ်မြောက် မြန်မာ့လုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးနေ့အခမ်းအနားမှာ တာဝန်ရှိသူတွေက အသစ်ပြဋ္ဌာန်းခဲ့တဲ့ ဥပဒေပါအကြောင်းအရာတွေကို အလုပ်ရှင်တွေနဲ့ အလုပ်သမားတွေကို အသိပညာပေးတာတွေ ပြုလုပ်ခဲ့ကြပါတယ်။ 

အရင်ဥပဒေအရ စက်ရုံအလုပ်ရုံတွေနဲ့ ဆိုင်အလုပ်ဌာနတွေမှာ စစ်ဆေးခဲ့တာဖြစ်ပြီး အခုကတော့ အသစ်ပြဋ္ဌာန်းတဲ့ ဥပဒေထဲမှာလုပ်ငန်းအသစ်(၁၇)ခုကိုလည်း စစ်ဆေးမှုတွေ ပြုလုပ်သွားမှာဖြစ်တယ်လို့ မကွေးတိုင်းအလုပ်ရုံနှင့် အလုပ်သမားစစ်ဆေးရေးဦးစီးဌာနက တိုင်းဒေသကြီးစစ်ဆေးရေးမှူး ဦးစန်းမြင့်က ပြောပါတယ်။ 
အခုအသစ်ပြဋ္ဌာန်းလိုက်တဲ့ ဥပဒေမှာ ဆောက်လုပ်ရေးလုပ်ငန်း၊ တူးဖော်ရေးလုပ်ငန်း၊ မွေးမြူရေးလုပ်ငန်း၊ ပညာရေးလုပ်ငန်းစတဲ့ လုပ်ငန်းတွေမှာလည်း စစ်ဆေးဖို့တွေ ပြုလုပ်ရမှာဖြစ်ပြီး အလုပ်သမားတွေအနေနဲ့ လုပ်ငန်းခွင်ဘေးအန္တရာယ် ကင်းရှင်းရေးအတွက် ဌာနက အသိပညာပေးတာတွေကိုလည်း မကြာခဏ ပြုလုပ်ပေးနေတယ်လို့လည်း သိရပါတယ်။ မကွေးတိုင်းအတွင်းမှာ အလုပ်ရုံ၊ စက်ရုံ အလုပ်ဌာန (၃၇) ခုရှိပြီး တစ်နှစ်ကိုတစ်ခါ အနည်းဆုံး လုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးအတွက် ကော်မတီတွေဖွဲ့ပြီး စစ်ဆေးမှုတွေကို ပြုလုပ်ကြတယ်လို့ ဆိုပါတယ်။ 
"စက်ရုံတွေမှာ အလုပ်သမားတွေ ဘေးအန္တရာယ်ကင်းရှင်းရေးအတွက် အခုလို အခမ်းအနားတွေပြုလုပ်ပေးတာဟာ မသိတာတွေ သိလိုက်ရပြီး အလုပ်ရုံမှာလည်း အလုပ်သမားတွေအတွက် လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းဖို့ အများကြီး အကျိုးရှိပါတယ်"လို့ အခမ်းအနားကို လာတက်တဲ့ KTMရေသန့်စက်ရုံက စက်ရုံမှူး ဦးခင်မောင်ဆွေက ပြောပါတယ်။ 
မြန်မာ့လုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးနေ့အခမ်းအနားကို မကွေးတိုင်းမှာ (၂၀၁၇)ခုနှစ်က စတင် ကျင်းပခဲ့တာဖြစ်ပြီး အခုနှစ်မှာတော့ မကွေးမြို့နယ်နဲ့ မင်းဘူးမြို့နယ်တို့က လုပ်ငန်းရှင်၊ အလုပ်သမားတွေကို ဥပဒေဆိုင်ရာ အသိပညာပေးတာတွေကို ပြုလုပ်ခဲ့ကြတာဖြစ်ပါတယ်။ 
  

သတင်း - စိုးစိုးဦး
One News Myanmar 

0 comments:

Post a Comment