Monday, April 29, 2019

လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး ရင်းနှီးမြှုပ်နှံမှုဆောင်ရွက်ရာတွင် နိုင်ငံအချင်းချင်း ၁၇ ခု အပါအဝင် အဖွဲ့အစည်းများ၏ အကူအညီဖြင့် စီမံကိန်းပေါင်း ၁၂၈ ခု ဆောင်ရွက်လျက်ရှိကြောင်း သိရ



လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရင်းနှီးမြှုပ်နှံမှုကို အားပေးဆောင်ရွက်ရာတွင် နိုင်ငံအချင်းချင်း ၁၇ ခု၊ နိုင်ငံတကာ အဖွဲ့အစည်း ၁၂ ခု၊ အစိုးရမဟုတ်သော အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်း ၁၄ ခုနှင့် အခြားအဖွဲ့အ စည်း ၃၄ ခုတို့၏ အကူအညီဖြင့် နိုင်ငံခြားချေးငွေစီမံကိန်း ၁၇ ခုနှင့် အထောက်အပံ့စီမံကိန်း (နည်းပညာအပါအဝင်) ၁၁၁ ခု စီမံကိန်းပေါင်း ၁၂၈ ခု ဆောင်ရွက်လျက်ရှိကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေး နှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူက ပြောကြားသည်။ 
ထို့ပြင် ပြည်ပချေးငွေများဖြင့် ဆောင်ရွက်လျက်ရှိသော ကဏ္ဍအလိုက် စီမံကိန်းများ၏ စီမံခန့်ခွဲမှု အဖွဲ့ Project Management Unit – PMU ၏ လုပ်ငန်းစွမ်းဆောင်နိုင်မှုကို ပြည်လည်စိစစ်သုံးသပ်ရန် စီမံကိန်းစိစစ်သုံးသပ်ရေး ဌာနခွဲကို ထပ်မံဖွဲ့စည်းခဲ့ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။ 

မြန်မာနိုင်ငံ၏ စိုက်ပျိုးရေး ထုတ်လုပ်မှုကဏ္ဍဖွံ့ဖြိုးတိုးတက်စေရေးအတွက် လယ်ယာစိုက်ပျိုးရေးကို စိတ်ပါဝင်စားသည့် ပြည်တွင်းပြည်ပလုပ်ငန်းရှင်များ၏ ရင်းနှီးမြှုပ်နှံမှု၊ နည်းပညာပူးပေါင်း ဆောင်ရွက်မှုများဖြင့် ဆောင်ရွက် လျက်ရှိကြောင်း ၎င်းက ပြောကြားထားသည်။ 

ထို့ပြင် ဈေးကွက်ယှဉ်ပြိုင်နိုင်သော အသေးစားနှင့် အလတ်စား လုပ်ငန်းများ၊ စိုက်ပျိုးရေးထွက်ကုန် အခြေခံစက်ရုံများ ဖွံ့ဖြိုးလာရေး၊ လယ်ယာသုံးစက်ကိရိယာများ၊ ရိတ်သိမ်းချိန်လွန်နည်းပညာနှင့် မျိုးစေ့ကဏ္ဍများတွင်လည်း ရင်းနှီးမြှုပ်နှံမှုများ ဖိတ်ခေါ်ဆောင်ရွက်ပေးခြင်းဖြင့် တောင်သူများ၏အ ကျိုးစီးပွားသာမက နိုင်ငံတော်အတွက် လယ်ယာထွက်ကုန်ဈေးကွက် ဖော်ဆောင်နိုင်ရေးကဏ္ဍကိုပါ ပိုမိုတိုးတက်လာမည်ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူက ဆိုသည်။ 

မြန်မာနိုင်ငံ၏ စိုက်ပျိုးရေး ကဏ္ဍတွင် လက်ရှိအချိန်အထိ ရင်းနှီးမြှုပ်နှံမှုပမာဏ ဒေါ်လာသန်း ၄၀၀ ကျော် ဝင်ရောက်ထားကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။ 

စိုက်ပျိုးရေးကဏ္ဍတွင် ဝင်ရောက်လုပ်ကိုင်ရန် တင်ပြလာသည့် ရင်းနှီးမြှုပ်နှံမှုအဆိုပြုလွှာများရှိ ပါက မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်အနေဖြင့် လုပ်ကိုင်ခွင့် အမြန်ဆုံးချထားပေးမည်ဖြစ်ကြောင်းနှင့် ယခုနှစ်အတွင်း ရင်းနှီးမြှုပ်နှံမှု ဦးစားပေးမြှင့်တင်သွားမည့်ကဏ္ဍများတွင် စိုက်ပျိုးရေးကဏ္ဍ ပါဝင်ကြောင်း သိရသည်။ 

မြန်မာနိုင်ငံ၏ လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် တောင်သူလယ်သမားများကို စိုက်ပျိုး စရိတ်ချေးငွေများ ထုတ်ချေးပေးရုံနှင့် မလုံလောက်သဖြင့် သွင်းအားစုများ၊ လယ်ယာသုံးစက်ကိရိယာများ ဝယ်ယူသုံးစွဲနိုင်ရေးအတွက် ချေးငွေများ ထုတ်ချေးပေးရန် စီစဉ်လျက်ရှိကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ယခင်ပြည်ထောင်စုဝန်ကြီး ဦးကျော်ဝင်းက ပြောကြားထားသည်။ 

ယင်းကဲ့သို့ ချေးငွေထုတ်ချေးပေးရေးအစီအစဉ်များကို မကြာမီ စတင်အကောင်အထည်ဖော်တော့ မည်ဖြစ်ကြောင်းနှင့် လယ်ယာကဏ္ဍတွင် တောင်သူများ အထောက်အပံ့ အဖြစ်နိုင်ဆုံးဖြစ်အောင် နိုင်ငံ တော်အနေဖြင့် ရှိသမျှငွေအင်အား နှင့် စနစ်တကျပံ့ပိုးပေးသွားမည်ဟု သိရသည်။ 

“လယ်ယာကဏ္ဍမှာ ပါဝင်ဆောင်ရွက်နေတဲ့ Supplier တွေနဲ့ လည်း ကျွန်တော်တို့ တွေ့ပြီးပါပြီ။ သွင်းအားစုတွေဖြန့်ဖြူး ရောင်းချနေတဲ့ Supplier တွေ၊ စက်ပစ္စည်းကိရိယာတွေ တင်သွင်းရောင်းချနေတဲ့ Supplier တွေအားလုံးကို တွေ့ပြီးပါပြီ။ ပြီးရင် သူတို့ကို ကျွန်တော် တို့ ငွေချေးပေးမယ်။ မကြာခင် ဒါတွေ ဆက်လုပ်သွားတော့မှာပါ” ဟု ပြည်ထောင်စုဝန်ကြီးက ဆက်လက်ပြောကြားသည်။ 

Eleven Media Group

0 comments:

Post a Comment