Tuesday, April 30, 2019

စက်ချို့ယွင်းမှုကြောင့် ကစ္ဆပနဒီအမြန်ရေယာဉ်(၂)စီး၏ ခရီးစဉ်များ ရပ်နားထား



ရခိုင်ပြည်နယ်အတွက် ဂျပန်နိုင်ငံက လှူဒါန်းထားတဲ့ ကစ္ဆပနဒီ အမြန်ရေယာဉ်(၃)စီးမှာ (၂)စီးဟာ စက်ပစ္စည်းချို့ယွင်းမှုတွေဖြစ်နေ တာကြောင့် ခရီးစဉ်ရပ်နားထားရပြီး (၁)စီးနဲ့သာ ပြေးဆွဲနေရ တယ်လို့ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ လျှပ်စစ်၊ စက်မှုနှင့် လမ်းပန်း ဆက်သွယ်ရေးဝန်ကြီး ဦးအောင်ကျော်ဇံက ပြောပါတယ်။ 
ဧပြီ(၂၉)ရက်က ကျင်းပတဲ့ ရခိုင်ပြည်နယ်လွှတ်တော် အစည်းအဝေးမှာ ၀န်ကြီး ဦးအောင်ကျော်ဇံက အခုလို ပြောခဲ့တာပါ။ အဲဒီလွှတ်တော်အစည်းအဝေးမှာ ကြယ်ပွင့်ပြမေးခွန်းအဖြစ် မာန်အောင်မြို့နယ် မဲဆန္ဒနယ်အမှတ်(၂) ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးဖိုးနွဲ့က “မာန်အောင်မြို့နယ် ကို ပြေးဆွဲနေတဲ့ ခရီးစဉ်တွေဖျက်သိမ်းခဲ့တဲ့အတွက် အခက်အခဲတွေဖြစ်နေပါတယ်။ 
ဒါကြောင့် ကစ္ဆပနဒီသင်္ဘောတစ်စီးကို ပုံမှန်ပြေးဆွဲပေးဖို့ အစီစဉ်ရှိ မရှိ” မေးမြန်းခဲ့တာ ဖြစ်ပါတယ်။ အဲဒီမေးမြန်းချက်အပေါ်ဝန်ကြီးက ပြန်လည်ဖြေကြားရာမှာတော့ “ရပ်နား ထားရတဲ့ခရီးစဉ်တွေကတော့ စစ်တွေ-မြေပုံ-ကျောက်ဖြူ ခရီးစဉ် (အသွား၊အပြန်)နဲ့ တောင်ကုတ်-မာန်အောင်ခရီးစဉ်(အသွား၊အပြန်)တို့ ဖြစ်ပါတယ်။ 
အဲဒီရပ်နားထားရတဲ့ ခရီးစဉ်တွေ မေလအတွင်းပြေဆွဲနိုင်ဖို့ လျာထားပြီး ပုံမှန်ဖြစ်လာတဲ့ အခါမှာ တောင်ကုတ်-မာန်အောင် ခရီးစဉ်ကို ပြေဆွဲနိုင်ဖို့ ပို့ဆောင်ရေးနှင့် ဆက်သွယ် ရေးဝန်ကြီး ဌာနကို တင်ပြဆောင်ရွက်သွားမယ်”လို့ ပြောကြားခဲ့ပါတယ်။ 
ရခိုင်ပြည်နယ်မှာ (၂၀၁၅)ခုနှစ်က စစ်တွေ-ကျောက်ဖြူ-တောင်ကုတ် ခရီးစဉ်ပြေးဆွဲ နေတဲ့ သင်္ဘောနစ်မြုပ်ပြီးနောက် ပြည်တွင်း ရေကြောင်းပိုင် သင်္ဘောတွေကို ကြံ့ခိုင်မှု မရှိတဲ့အတွက် ပြေးဆွဲမှု ရပ်နားထားခဲ့တာဖြစ်ပါတယ်။ အဲဒီနောက် ဂျပန်နိုင်ငံက လှူဒါန်းတဲ့ ကစ္ဆပနဒီ(၁)၊ ကစ္ဆပနဒီ(၂) အမြန်ရေယာဉ်တွေနဲ့ (၂၀၁၇)ခုနှစ်က စတင်ပြီး စစ်တွေ-မြေပုံ-ကျောက်ဖြူ-တောင်ကုတ်ခရီးစဉ်ကို ပြန်လည်ပြေဆွဲခဲ့တာဖြစ်ပါတယ်။ အဲဒီလိုပြေးဆွဲခဲ့ရာကနေ (၂၀၁၈)ခုနှစ်မှာ စက်ပစ္စည်းချို့ယွင်းမှုတွေကြောင်း ခရီးစဉ် ပြေဆွဲမှုကို ရပ်နားထားခဲ့တာဖြစ်ပါတယ်။ 




သတင်း - ကျော်လွင် 
One News Myanmar 


0 comments:

Post a Comment