Monday, April 29, 2019

၂၀၁၈ နှစ်ကုန်အထိ အဂတိလိုက်စားမှု သိသိသာသာကျဆင်းသွားခြင်းမရှိ ယခင်အတိုင်း ဆက်ရှိနေသည်ကို တွေ့ရကြောင်း ဦးအောင်ကြည်ပြော


၂၀၁၈ နှစ်ကုန်အထိ အဂတိလိုက်စားမှု သိသိသာသာ ကျဆင်းသွားခြင်းမရှိဘဲ ယခင်အတိုင်းဆက်ရှိနေသည်ကိုတွေ့ရကြောင်း အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်ဥက္ကဋ္ဌ ဦးအောင်ကြည်က ပြောဆိုသည်။ 
အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်အနေဖြင့် တစ်နိုင်ငံလုံး အဂတိလိုက်စားမှုများ အမြဲမပြတ်စောင့်ကြည့်ရေးနှင့် သုံးသပ်အကဲဖြတ်နိုင်ရေးအတွက်တတိယအဖွဲ့အစည်း တစ်ခုကို လုပ်ငန်းအပ်နှံ၍ ၂၀၁၈ ခုနှစ် အောက်တိုဘာလမှဒီဇင်ဘာလကုန်အထိ ချင်းပြည်နယ်မှအပ မြန်မာနိုင်ငံတစ်ဝန်းလုံးတွင် စစ်တမ်းကောက်ယူခဲ့ရာ ယင်းစစ်တမ်း များအရ အဂတိလိုက်စားမှုသည် ၂၀၁၈ ခုနှစ်ကုန်သည်အထိ သိသိသာသာ ကျဆင်းသွားခြင်းမရှိဘဲ ယခင်အတိုင်းဆက်ရှိနေသည်ကိုတွေ့ရကြောင်း ကော်မရှင် ဥက္ကဋ္ဌဦးအောင်ကြည်က ပြောဆိုသည်။ 
''ဒီစစ်တမ်းတွေအရ အဂတိလိုက်စားမှုဟာ ၂၀၁၈ ခုနှစ်ကုန်တဲ့အထိ သိသိသာသာ ကျဆင်းသွားခြင်း မရှိသေးဘဲ ယခင်အတိုင်းဆက်ရှိနေတာကို တွေ့ရပါတယ်''ဟု ဦးအောင်ကြည်ကပြောဆိုသည်။ 
ဧပြီ ၂၉ရက်မွန်းလွဲပိုင်းကပြုလုပ်ခဲ့သော ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် (၁၂) ကြိမ်မြောက် ပုံမှန်အစည်းအဝေး ပထမနေ့တွင် အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်၏နှစ်ပတ်လည်လုပ်ငန်းဆောင်ရွက်မှု အစီရင်ခံစာနှင့် စပ်လျဉ်း၍ လွှတ်တော်သို့ ရှင်းလင်းတင်ပြရာတွင် ၎င်းကယင်းကဲ့သို့ပြောကြားခဲ့ခြင်းဖြစ်သည်။ 
ထို့ပြင် အဂတိလိုက်စားမှုဖြစ်စေသည့် အဓိကအကြောင်းတရားများတွင် အများပြည်သူအကျိုးထက် မိမိကိုယ်ကျိုးအတွက်သာ ဦးစားပေးနေသူက များနေခြင်း၊ အစဉ်အလာအတိုင်းသာ ဆက်လက်လုပ်ဆောင်လိုကြပြီး မပြောင်းလဲနိုင်ကြခြင်း၊ ထိရောက်စွာအရေးယူမှုအားနည်းခြင်းနှင့် အချို့နေရာများတွင်တရားဥပဒေစိုးမိုးမှု အားနည်းခြင်းတို့ကြောင့် ဖြစ်ရသည်ဟု ပြည်သူများက ရှုမြင်သည်ကို တွေ့ရှိရကြောင်း ဦးအောင်ကြည်က ပြောဆိုသည်။ 
အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်အနေဖြင့် ပြီးခဲ့သည့် ၂၀၁၈ ခုနှစ်အတွင်း တိုင်ကြားစာပေါင်း ၁၀၅၄၃ စောင်ကို လက်ခံရရှိခဲ့ကြောင်း သိရသည်။ 
''တိုင်ကြားစာလက်ခံရရှိမှုအနေနဲ့ ယခင်နှစ် အလားတူကာလထက် ငါးဆလောက် ပိုမိုပေးပို့လာတဲ့အတွက်ကြောင့် စုစုပေါင်းစောင်ရေ ၁၀၅၄၃ စောင် လက်ခံရရှိ ခဲ့ပါတယ်''ဟု ဦးအောင်ကြည်က ပြောဆိုသည်။ 
ကော်မရှင်က အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေနှင့်အညီ စုံစမ်းစစ်ဆေးသည့် တိုင်ကြားစာ ၄၆ စောင်ဖြစ်ပြီး နိုင်ငံ့ဝန်ထမ်းဥပဒေအရ အရေးယူသင့်သည်ဟု စိစစ်တွေ့ရှိရ၍ ပြည်ထောင်စုဝန်ကြီးဌာနနှင့် တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရအဖွဲ့များသို့ လွှဲပြောင်းပေးပို့သော တိုင်ကြားစာ ၁၇၉၅ စောင်၊ ဥပဒေအရ အရေးယူဆောင်ရွက်နိုင် ရန်အတွက် လိုအပ်ချက်များကို ဆွေးနွေးအကြံပြုခဲ့သော တိုင်ကြားစာ ၅၈၂၆ စောင်၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေနှင့် အကျုံးမ၀င်သော တိုင်ကြားစာ ၂၈၂၄ စောင်တို့အား ပြည်သူတစ်ဦးချင်းထံသို့ပြန်ကြားပေးခဲ့ကြောင်းသိရသည်။ 
ထို့ပြင် သက်ဆိုင်ရာ ပြည်ထောင်စုဝန်ကြီးဌာနနှင့်အစိုးရအဖွဲ့အစည်းများသို့ လွှဲပြောင်းပေးပို့ခဲ့သောတိုင်ကြားစာများနှင့်ပတ်သက်၍ နိုင်ငံ့ဝန်ထမ်းဥပဒေအရအရေးယူ ဆောင်ရွက်ခဲ့ကြောင်း ပြန်ကြားသည့် အရေအတွက်မှာ ၅၃၆ စောင် ဖြစ်ကြောင်းသိရ သည်။ 
''ဒါ့အပြင် ကော်မရှင်ရဲ့ စုံစမ်းစစ်ဆေးမှုကြောင့်၂၀၁၈ ခုနှစ်အတွင်း သက်ဆိုင်ရာ ဌာနများမှာ ဆုံးရှုံးမှုဖြစ်နိုင်ဖွယ်ရှိသော မြန်မာကျပ်ငွေ ၃၀ ဒသမ ၈၉ သန်း နဲ့အမေရိကန်ဒေါ်လာ ၄ ဒသမ ၀၀၃ သန်းတို့ကို ပြည်သူ့ဘဏ္ဍာငွေအဖြစ် ပြန်လည် ပေးသွင်းခဲ့ပါတယ်''ဟုဦးအောင်ကြည်က ပြောဆိုသည်။ 
တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးလုပ်ငန်းအနေဖြင့် ဌာနများတွင်ရှိနေသော အဂတိလိုက်စားမှုပြဿနာများကို ဥပဒေနှင့်အညီဖြေရှင်းကြရန်နှင့် အဂတိလိုက်စားမှုဖြစ်နိုင်ခြေအန္တရာယ်မြင့်မားသော ဥပဒေ၊ နည်းဥပဒေ၊ စည်းမျဉ်း၊စည်းကမ်း၊ အမိန့်နှင့်ညွှန်ကြားချက်များကို ပြန်လည်ဆန်းစစ်သုံးသပ်ပြင်ဆင်ရန်ဟူသော ရည်မှန်းချက်တာဝန်သုံးခုဖြင့် အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးအဖွဲ့ (CPU) များကို ပြည်ထောင်စုဝန်ကြီးဌာနများတွင်ဖွဲ့စည်းရေးဆောင်ရွက်လျက်ရှိနေသကဲ့သို့ တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် အဂတိလိုက်စားမှု တားဆီးကာကွယ်ရေး အလုပ်ရုံဆွေးနွေးပွဲများကို ဆက်လက်ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။ 

သတင်း၊ဓာတ်ပုံ - မင်းမင်းထွန်း
The Standard Time Daily 

0 comments:

Post a Comment