Monday, April 29, 2019

ဖွဲ့စည်းပုံပြင်ဆင်ရေး လွှတ်တော်တွင်းနည်းလမ်းတစ်ခုတည်းဖြင့် ပြင်ဆင်ရန်ခက်ခဲလိမ့်မည်ဟု လူ့ဘောင်သစ်ပါတီဥက္ကဋ္ဌပြောကြား


တန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကို အာမခံနိုင်သော ဖွဲ့စည်း အုပ်ချုပ်ပုံအခြေခံဥပဒေတစ်ခု ရရှိရေးအတွက် ကြိုးပမ်းအားထုတ် ရာတွင် လွှတ်တော်တွင်း နည်းလမ်းတစ်ခုတည်းဖြင့် ပြင်ဆင်မည် ဆိုပါက ခက်ခဲလိမ့်မည်ဟု လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ ဦးအောင်မိုးဇော်က ဧပြီ ၂၉ ရက်တွင် ပြောဆိုသည်။ 
ရန်ကုန်မြို့ ပုဇွန်တောင်မြို့နယ် မဟာဗန္ဓုလလမ်းရှိ လူ့ဘောင် သစ်ဒီမိုကရက်တစ်ပါတီ ဌာနချုပ်ရုံးတွင် ပြုလုပ်သော ဖွဲ့စည်းပုံ အခြေခံဥပဒေ အနှစ်သာရပြောင်းလဲရေး စာအုပ်မိတ်ဆက်ပွဲတွင် ၎င်းက ယင်းကဲ့သို့ ပြောကြားသည်။ 
''ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေတစ်ရပ် တကယ်တမ်း ဒီမို ကရေစီ အနှစ်သာရရှိတဲ့ တန်းတူရေးကို အာမခံတဲ့ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေတစ်ရပ်ရရှိဖို့အတွက် ကြိုးစားတဲ့ ကြိုးပမ်းအားထုတ်မှု မှန်သမျှကို ကျွန်တော်တို့ အလေးထားတယ်။ 
ဆက်စပ်ဆောင်ရွက်ဖို့ ကျွန်တော်တို့ ကြိုးစားမယ်။ ယနေ့ အာဏာရပါတီက ကြိုးစားနေတဲ့ကြိုးစားမှုဟာလည်း အဲဒီပန်းတိုင်ကိုသွားဖို့ ကြိုးစားနေကြတယ်လို့ ကျွန်တော်က အဲဒီလိုမြင်တယ်။ လွှတ်တော်တွင်း နည်းတစ်ခုတည်းနဲ့ပဲဆိုရင်တော့ ကျွန်တော်တို့လိုချင်တဲ့ပန်းတိုင်ကိုရောက်ဖို့ ခက်ခဲလိမ့်မယ်လို့ ကျွန်တော်တို့ပြောချင်ပါတယ်''ဟု လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ ဦးအောင်မိုးဇော်က ပြောဆိုသည်။ 
လွှတ်တော်ထဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဦးဆောင်၍ ဖွဲ့စည်းပုံအခြေခံ ဥပဒေကို ပြုပြင်ပြောင်းလဲနိုင်ရန် ကြိုးစားနေပြီး ထိုကြိုးစားမှုကို မိမိတို့အနေဖြင့်ကြိုဆိုကြောင်း၊ ထိုကြိုးစားမှုသည် အနှစ်သာရရှိသော တန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် 
ကို အာမခံနိုင်သည့်ဖွဲ့ စည်းအုပ်ချုပ်ပုံအခြေခံဥပဒေတစ်ခုအဖြစ် မိမိတို့တိုင်းပြည်တွင်ပေါ်ပေါက်လာနိုင်ဖို့အတွက် အထောက်အကူပြုကြောင်း၊လွှတ်တော်တွင်း နည်းလမ်း 
တစ်ခုဖြင့် လိုချင်သော ဖွဲ့စည်းပုံအခြေခံဥပဒေတစ်ရပ်ရရှိစေရန် အောင်အောင်မြင်မြင်ဆောင်ရွက်နိုင်ရန် ခက်ခဲလိမ့်မည်ဖြစ်ကြောင်း၊ လွှတ်တော်ထဲ၌ ယခုရှိ နေသည့် နိုင်ငံရေးပါတီများရှိပြီး ထိုအင်အားစုများ၏ သဘောတူညီမှုအောက်တွင် အပြောင်းအလဲတချို့ဖြစ်ကောင်းဖြစ်နိုင်ကြောင်း၊ အဆိုပါအင်အားစုများက သဘောမတူဘူးဆိုပါက အပြောင်း 
အလဲတစ်ခုဖြစ်နိုင်ရန်မလွယ်ကြောင်း၊ အဆိုပါကိစ္စများဖြစ်မလာပါက မိမိတို့တိုင်းပြည်သည် ဒီမိုကရေစီနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်၊ တန်းတူအခွင့်အရေးတို့နှင့် ဝေးမြဲ ဆက်ဝေးနေဦးမည်ဖြစ်ကြောင်း ဦးအောင်မိုးဇော်က ပြောဆိုသည်။ 
အဆိုပါဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးနှင့်ပတ်သက်ပြီး ပြည်ထောင်စုရှေ့နေများနှင့်ဥပဒေအထောက်အကူပြုသူများအဖွဲ့ဥက္ကဋ္ဌ တရားလွှတ်တော်ရှေ့နေဦးကြီးမြင့်က ''ဖွဲ့စည်းပုံပြင်ဖို့လွှတ်တော်တွင်းလမ်းကြောင်းနဲ့လုပ်မယ်ဆိုရင် တပ်မတော်နဲ့ ညှိနှိုင်းဖို့လိုတယ်။ တပ်မတော်ကလည်း အာဏာပြန်ရရေးပဲလုပ်မယ်ဆိုရင် တပ်မတော်ကလည်း စိတ်ကောင်းစိတ်မြတ်ရှိဖို့တော့လိုမယ်။ တပ်မတော်က စိတ်ကောင်းစိတ်မြတ်ရှိလာအောင်အတင်းစည်းရုံးလည်းမရဘူးဆိုရင်တော့ ပြည်သူလူထုကို စိတ်အနှောင့်အယှက်ပေးရာ ရောက်တယ်။ အဲဒါကြောင့် ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးနဲ့ ပတ်သက်ရင် ဒီထက်ပိုပြီးတော့ ကျယ်ကျယ်ပြန့်ပြန့် ဖွဲ့စည်းပုံပြင်ဆင်ရေးနဲ့ ပတ်သက်ပြီးတော့လုပ်နေတဲ့သူတွေရော၊ တပ်မတော်ဘက်ကရော၊ ဒီဘက်ကရော ပြည်သူလူထုကြီးကိုချမပြခင်၊ ဒုက္ခမပေးခင် ကိုယ့်အချင်းချင်း ညီညွတ်အောင် အရင်လုပ်ဦး၊ ကိုယ့်အချင်းချင်းညီညွတ်အောင်မလုပ်ဘဲနဲ့ လူထုကို ဒုက္ခမပေးကြပါနဲ့လို့ ကျွန်တော်ပြောချင်ပါတယ်''ဟုသုံးသပ်ပြောဆိုခဲ့သည်။ 
အဆိုပါ ဖွဲ့စည်းပုံအခြေခံဥပဒေ အနှစ်သာရပြောင်းလဲရေး စာအုပ်သည် လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီမှ သုတေသနပြုစုတင်ပြခြင်းဖြစ်ပြီး ဒုတိယအကြိမ်မြောက်ဖြစ်ပြီး ပယ်ဖျက်ရန် ဥပဒေပုဒ်မများ၊ပြင်ဆင်ရန် ဥပဒေပုဒ်မများ ပြန်လည်စဉ်းစားခြင်းဖြစ်ပြီး ပယ်ဖျက်ရန် ဥပဒေပုဒ်မများ၊ ပြင်ဆင်ရန် ဥပဒေပုဒ်မများ၊ ပြန်လည်စဉ်းစားသင့်သော ဥပဒေပုဒ်မများ၊ ဖြည့်စွက်ရန် ဥပဒေပုဒ်မများ၊ လက်တွေ့မဆောင်ရွက်သေးသည့် ဖွဲ့စည်းပုံဥပဒေ ပြဌာန်းချက်များ စသည့် အချက်များကို ဖြည့်စွက်ရေးသား ထုတ်ဝေထားသည်။ 
သတင်း၊ဓာတ်ပုံ - စည်သူဟိန်း
The Standard Time Daily 

0 comments:

Post a Comment