Tuesday, April 30, 2019

ဦးနှောက်နှင့် အာရုံကြော၊ နှလုံးခွဲစိတ်ရောဂါများ သီးသန့် ကုသပေးမည့် ရန်ကုန် အထူးကုဆေးရုံသစ်ကြီးအား သီးသန့်အခန်း အများစုပါဝင်သည့် ခုနစ်ထပ် အဆောက်အအုံအဖြစ် တည်ဆောက်ရေးကာလ ၂၄ လအတွင်း အပြီးတည်ဆောက်မည်


ဦးနှောက်နှင့် အာရုံကြော၊ နှလုံးခွဲစိတ်ရောဂါများ သီးသန့် ကုသပေးမည့် ရန်ကုန် အထူးကုဆေးရုံသစ်ကြီးအား သီးသန့်အခန်းများ အများစုပါဝင်သည့် ခုနစ်ထပ် အဆောက်အအုံအဖြစ် တည်ဆောက်ရေးကာလ ၂၄ လအတွင်း အပြီး တည်ဆောက်မည် ဖြစ်ကြောင်း သိရသည်။ 
“ဒီဆေးရုံကြီးက ရန်ကုန်မြို့ရဲ့ ကုတင် ၃၀၀ ဆံ့ အထူးကု ဆေးရုံသစ်ကြီးအဖြစ် ပေါ်ထွန်းလာမှာ ဖြစ်ပါတယ်။ ဂျပန်နိုင်ငံ အနေနဲ့ နိုင်ငံတကာမှာ ပေးနေတဲ့ Grand Aid အကူညီတွေထဲကမှ ဒီဆေးရုံသစ်ကြီး တည်ဆောက်မှုက ကြီးမားတဲ့ စီမံကိန်းတစ်ခုအဖြစ် ပါဝင်ပါတယ်။ ဒီဆေးရုံသစ် တည်ဆောက်ရေး စီမံကိန်းက အလွန်ကြီးမားတဲ့ စီမံကိန်းကြီးတစ်ခု ဖြစ်တဲ့အတွက် ဂျပန်ဘက်က ခုနစ်ထပ် အဆောက်အအုံနဲ့ လိုအပ်တဲ့ စက်ပစ္စည်း ကိရိယာအချို့ကို ထည့်သွင်း တပ်ဆင်ပေးမယ်။ ကျွန်တော်တို့ မြန်မာဘက်ကလည်း ၄၀ ဘီလီယံခန့် ထည့်ဝင် တည်ဆောက်သွားမှာ ဖြစ်ပါတယ်။ နိုင်ငံတကာ အဆင့်မီ ဆေးရုံတစ်ခု ဖြစ်တဲ့အတွက် အခန်းဖွဲ့စည်းပုံတွေက မြန်မာနိုင်ငံက ဆေးရုံအများစု လို hall type မဟုတ်ဘဲ လေးယောက် သီးသန့်ခန်း၊ တစ်ယောက် သီးသန့်ခန်းတွေ စသဖြင့် ထည့်သွင်း တည်ဆောက်သွားမှာပါ။ ခွဲစိတ်ခန်း အနေနဲ့လည်း မြန်မာနိုင်ငံမှာ မရှိသေးတဲ့ Hybrid Operating Room ကို ထည့်သွင်း ထားပါတယ်။ ဒါကတော့ ဥပမာ နှလုံး ခွဲစိတ်မယ်ဆိုရင် နှလုံးနဲ့ သက်ဆိုင်တဲ့ Cardic Scan စက်ကို ထည့်ထားမယ်။ ဦးနှောက် ခွဲစိတ်မယ်ဆိုရင်လည်း CT Scan စက်ကို ထည့်ထားမယ်။ လိုအပ်ရင် လိုအပ်သလို ချက်ချင်း ခွဲစိတ်နေစဉ်မှာ လူနာအတွက် လိုအပ်တာတွေကို လုပ်ဆောင် ပေးသွားမှာပါ။ မေ ၁ ရက်ကနေ စတင် တည်ဆောက်မှာ ဖြစ်ပြီး တည်ဆောက်ရေးကာလ ၂၄ လကြာပြီး ၂၀၂၁ ခုနှစ် မတ် ၃၁ ရက်မှာ အပြီး တည်ဆောက်မှာ ဖြစ်ပါတယ်” ဟု ကုသရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါက်တာမိုးခိုင်က ပြောကြားခဲ့သည်။ 

ဂျပန်နိုင်ငံ၏ ကူညီမှု ယန်း ၈ ဒသမ ၆၆၁ ဘီလျံဖြင့် တည်ဆောက်မည့် ဦးနှောက် နှင့် အာရုံကြော၊ နှလုံး ခွဲစိတ်ရောဂါများ သီးသန့် ကုသပေးမည့် ရန်ကုန် အထူးကုဆေးရုံသစ်ကြီး ဆောက်လုပ်ခြင်း ပန္နက်တင် အခမ်းအနားအား ဧပြီ ၂၈ရက်က ပြည်လမ်းနှင့် မင်းရဲကျော်စွာလမ်းထောင့် အဆိုပါ ဆေးရုံတည်ဆောက်ရေး စီမံကိန်း မြေနေရာတွင် ကျင်းပခဲ့သည်။ 

ရန်ကုန် အထူးကုဆေးရုံသစ်ကြီးကို ဂျပန်နိုင်ငံ အစိုးရ၏ ဖွံ့ဖြိုးတိုးတက်မှု အကူအညီ ဂျပန်ယန်း စုစုပေါင်း ၈ ဒသမ ၆၆၁ ဘီလျံ အကုန်ကျခံကာ ခုနစ်ထပ် အဆောက်အအုံသစ်ကြီး ဆောက်လုပ်မည်ဖြစ်ပြီး အချို့သော ဆေးဘက်ဆိုင်ရာ ပစ္စည်းကိရိယာများကိုလည်း ဂျပန်နိုင်ငံမှ လှူဒါန်းသွားမည် ဖြစ်ကာ သင်ကြားရေး ဆေးရုံအဖြစ်ပါ အသုံးပြုသွားမည်ဟု သိရသည်။ 

ရန်ကုန် အထူးကုဆေးရုံသစ်ကြီးတွင် တပ်ဆင်မည့် အဓိက ဆေးဘက်ဆိုင်ရာ ပစ္စည်းကိရိယာများကို မြန်မာနိုင်ငံ ကျန်းမာရေးဝန်ကြီးဌာန၏ ပြည်ထောင်စု ဘဏ္ဍာငွေဖြင့် ဝယ်ယူသွားမည် ဖြစ်ကြောင်း သိရသည်။ အဆိုပါ ဆေးရုံသစ်ကြီး တည်ဆောက် ပြီးစီးပါက ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှ နှလုံးရောဂါ ကုသရေးဌာန၊ နှလုံး ခွဲစိတ်ကုသရေးဌာန၊ ဦးနှောက်နှင့် အာရုံကြောကုသရေးဌာန၊ ဦးနှောက်နှင့် အာရုံကြော ခွဲစိတ်ကုသရေး ဌာနများကို ပြောင်းရွှေ့ ကုသမည်ဖြစ်ပြီး ဆေးရုံ အဆောက်အအုံသစ် တည်ဆောက်ရေးကို ၂၀၂၁ခုနှစ်၊ နှစ်ဦးပိုင်းတွင် ပြီးစီးမည်ဟု မျှော်မှန်းထားကြောင်း သိရသည်။ 

ပြီးခဲ့သည့် ၂၀၁၆ ခုနှစ်အတွင်းက အဆိုပါဆေးရုံ တည်ဆောက်မည့် ဝန်ကြီးဌာနပိုင်မြေကို ပုဂ္ဂလိကဆေးရုံ တည်ဆောက်ရန် ငှားရမ်းခြင်းနှင့် ပတ်သက်၍ နယ်ပယ်အသီးသီးက ကန့်ကွက်မှုများ ပြုလုပ်ခဲ့ပြီး စီမံကိန်း ရပ်ဆိုင်းရန် အဆိုကို ပြည်သူ့လွှတ်တော်တွင် တင်ပြခဲ့ရာ ကန့်ကွက်သူမရှိ အတည်ပြုခဲ့ခြင်း ဖြစ်သည်။ 

Eleven Media Group

0 comments:

Post a Comment