Tuesday, April 30, 2019

တပ်မတော်၏ အပစ်ရပ်ကာလပြီးဆုံး၊ ထပ်တိုး/ မတိုး NRPC နှင့် မြောက်ပိုင်းအဖွဲ့ ဆွေးနွေးမှုရလာဒ်အပေါ် ဆုံးဖြတ်မည်



တပ်မတော်မှ ၄ လကြာ အပစ်ရပ်၍ ငြိမ်းချမ်းရေးဆွေးနွေးမည်ဟု ကမ်းလှမ်းထားသည့် ကာလပြည့်ခဲ့ပြီး ယနေ့နံနက်ပိုင်းတွင် မူဆယ်မြို့တွင် ဆွေးနွေးနေသည့် NRPC နှင့် မြောက်ပိုင်း လေးဖွဲ့၏ ရလာဒ်ပေါ်မူတည်၍ အပစ်ရပ်ကာလအား တိုးသင့် မတိုးသင့်ကို ဆုံးဖြတ်သွားမည်ဟု တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ပြောသည်။ 
“အဖြေကတော့ ၃၀ ရက်နေ့ ပြီးမှပဲ NRPC နဲ့ မြောက်ပိုင်းဆွေးနွေးတဲ့ ရလာဒ်ကို ကြည့်ပြီးမှပဲ ဘယ်လိုရလာဒ်မျိုးရမလဲ ဆိုတာတော့ ကျွန်တော်တို့ကြိုတင်ဆွေးနွေးထားတာမရှိဘူး။ ဆုံးဖြတ် ချက်ဆိုတာတော့ ကျွန်တော်တို့ ပြောပြီးသား လေးလတာ အပစ်အခတ်ရပ်က လုံလောက်တဲ့ အချိန်တစ်ခုပဲ။ ဒုတိယဆုံးဖြတ်ချက်က ထပ်တိုးမတိုးဖို့ပဲ ကျွန်တော်တို့ ထုတ်ပြန်ထားတဲ့ ဧပြီ ၃၀ ရက်နေ့ပဲ ဒီနေ့ပြည့်ပါပြီ တတိယဆုံးဖြတ်ချက်ကတော့ ဒီနေ့မှာဆွေးနွေးတဲ့ ရလာဒ်ကို ကြည့်မှာပါ” ဟု ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ပြောသည်။ 

ဒီဇင်ဘာ ၂၁ ရက်နေ့မှ စတင်၍ ဧပြီ ၃၀ ရက်နေ့အထိ စစ်တိုင်း ၅ခုတွင် တပ်မတော်ဘက်မှ အပစ် ရပ်ခဲ့ပြီး ငြိမ်းချမ်းရေးဆွေးနွေးရန် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များကို ဖိတ်ခေါ်ခဲ့သည်။ 
အပစ်ရပ်ကာလအတွင်း တပ်မတော်ဘက်မှ ဒုတိယဗိုလ်ချုပ်ကြီးရာပြည့် ဦးဆောင်သည့် သက်ဆိုင် ရာနယ်မြေအလိုက် တိုင်းမှူးများပါဝင်သည့် ညှိနှိုင်းဆွေးနွေးရေးအဖွဲ့အား ဖွဲ့စည်းခဲ့သည်။ 
အပစ်ရပ်ကာလ ၃ လပြည့်သည့် မတ်လ ၂၁ ရက်နေ့က နေပြည်တော်တွင် NRPC နှင့် မြောက်ပိုင်း မဟာမိတ်အဖွဲ့၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ တို့နှင့် တွေ့ဆုံဆွေးနွေးခဲ့ပြီး တပ်မတော်ညှိ နှိုင်းရေးအဖွဲ့နှင့် သီးခြားတွေ့ဆုံဆွေးနွေးခဲ့ခြင်း မရှိခဲ့ကြောင်း သိရသည်။ 
စစ်တိုင်း ၅ ခုတွင် မပါဝင်သည့် ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် တပ်မတော်နှင့် AA တို့ တိုက်ပွဲများ ဆက်လက်ဖြစ်ပွားခဲ့သည်။ 
အပစ်ရပ်ကာလအတွင်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များက စစ်ရေးလှုပ်ရှားခြင်း၊ လူသစ်စု ဆောင်းခြင်း၊ ဆက် ကြေးကောက်ခြင်းများရှိခဲ့သည်ဟု တပ်မတော်က သတင်းထုတ်ပြန်မှုများရှိ ခဲ့သည်။ 
ယနေ့နံနက်ပိုင်းက မြောက်ပိုင်းမဟာမိတ်အဖွဲ့များဖြစ်သည့် ကချင်လွတ်မြောက်ရေးတပ်မတော် KIA ၊ ကိုးကန့်အဖွဲ့ MNDAA၊ ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA တို့နှင့် အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန NRPC တို့ တွေ့ဆုံဆွေးနွေးနေကြ သည်။

The Fifth Wave News


0 comments:

Post a Comment