Monday, April 29, 2019

အညာဒေသတွင် နေ့အပူချိန်မြင့်တက်နေမှုကြောင့် မြန်မာ့ရိုးရာသောက်ရေအိုးများ အရောင်းသွက်နေ


အညာဒေသတွင် နေ့အပူချိန် မြင့်တက်နေမှုကြောင့် မြန်မာ့ရိုးရာသောက်ရေအိုးများ အရောင်းသွက်နေကြောင်း သတင်းရရှိသည်။ 
အပူချိန် ၄၀ ဒီဂရီစင်တီဂရိတ်နှင့် ၄၀ အထက်တွင်တည်ရှိနေသော မကွေးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များ၌ နွေကာလ သောက်ရေအေးအေးရရှိရန် မြန်မာ့ရိုးရာ သောက်ရေအိုးများကို အသုံးပြုကြပြီး ယခုနှစ်သည် ယခင်နှစ်များကထက် အပူချိန်မြင့်တက်နေခြင်းကြောင့် သောက်ရေအိုးဝယ်ယူသူများပြားနေပြီး အရောင်းသွက်နေကြောင်း ဒေသခံများက ပြောကြားသည်။ 

“အရင်နှစ်က ကားနဲ့ သုံးရက်ကို တစ်ခေါက်ပို့ရတယ်။ အခုနှစ်က တစ်ရက်ကို တစ်ခေါက်လောက် ပို့နေရတယ်။ တစ်ခါပို့ရင် သောက်ရေအိုး အလုံး ၂၅၀ ကျော် ပို့ရပါတယ်။ သောက်ရေအိုးတစ်လုံးကို ကျပ် ၁၁၀၀ လောက်နဲ့ဆိုင်တွေကို သွင်းရပါတယ်။ ဆိုင်တွေက သောက်ရေအိုးတစ်လုံးကို ကျပ် ၁၅၀၀ လောက်နဲ့ ပြန်ရောင်းတယ်” ဟု အောင်လံမြို့နယ် ညောင်ပင်ဆိပ်ကျေးရွာမှ သောက်ရေအိုးလုပ်ငန်း လုပ်ကိုင်နေသူတစ်ဦးက ပြောကြားသည်။ 

သောက်ရေအိုးဝယ်ယူသူ များပြားနေခြင်းကြောင့် သောက်ရေအိုးဈေးများလည်း မြင့်တက်နေပြီး ယခင်နှစ်က သောက်ရေအိုး တစ်အိုးလျှင် ကျပ် ၁၁၀၀ ခန့် ပေါက်ဈေးရှိခဲ့သော်လည်း ယခုနှစ် သောက်ရေအိုးတစ်လုံး လျှင် ကျပ် ၁၃၀၀ မှ ၁၅ဝဝအထိ မြင့်တက်ကာ တစ်နေ့လျှင် သောက်ရေအိုး အလုံး ၃၀၀ ခန့်အထိ အရောင်းအဝယ်ဖြစ်နေကြောင်း အောင်လံမြို့မဈေးကြီးအတွင်းရှိ သောက်ရေအိုးအရောင်းဆိုင်များထံမှ သိရသည်။ 

“သောက်ရေအိုးက အရင်နှစ်ကထက် ပိုရောင်းရပါတယ်။ တစ်နေ့ကို အလုံး ၂၀၀ လောက်အထိ ရောင်းရတာမျိုးတွေရှိတယ်။ ဝယ်လိုအားများနေတော့ သောက်ရေအိုး တစ်လုံးကို အရင်ကထက် ကျပ် ၂၀၀၊ ၃၀၀ လောက်အထိ ဈေးတက်သွားတာမျိုးတွေလည်း ရှိပါတယ်” ဟု သောက်ရေအိုးအရောင်း ဆိုင်ပိုင်ရှင်တစ်ဦးက ပြောကြားသည်။

Eleven Media Group

0 comments:

Post a Comment