Tuesday, April 30, 2019

လျှပ်စစ်ပြင်ဆင်ရေးစီမံကိန်း အတိုင်ပင်ခံငှားခ ယူရို ၁ ဒသမ ၇ သန်းသုံးမည်


ရေအားလျှပ်စစ်စက်ရုံ ၅ ခုကို အကြီးစားပြင်ဆင်ရန် ပြင်သစ်နိုင်ငံ (AFD) ထံမှ ယူရို ၃၅ ဒသမ ၇ သန်း ချေးယူဖြစ်ကာ ယင်းငွေများအနက် ၁ ဒသမ ၇ သန်းကို ပြင်ဆင်ရေးစီမံကိန်း၏ အတိုင်ပင်ခံငှားရမ်းစရိတ်အဖြစ် အသုံးပြုရန်လျာထားကြောင်း လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနက လွှတ်တော်သို့တင်ပြလိုက်သည်။ 
ဧပြီလ ၃၀ ရက် (ယနေ့) ကျင်းပသည့် ပြည်ထောင်စုလွှတ်တော်တွင် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနအတွက် စီမံကိန်းလုပ်ငန်းများဆောင်ရွက်ရန် ပြင်သစ်ဖွံ့ဖြိုးရေးအေဂျင်စီ (AFD) ထံမှ ယူရို ၃၅ ဒသမ ၇ သန်း ချေးယူမည့်ကိစ္စကို ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်က လာရောက်ရှင်းလင်းတင်ပြရာတွင် အထက်ပါအတိုင်း ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။ 

“စီမံကိန်းအတိုင်ပင်ခံငှားရမ်းခြင်းအတွက် ယူရို ၁ ဒသမ ၇ သန်းခန့် အသုံးပြုဖို့လျာထားပါတယ်”ဟု ဒေါက်တာထွန်းနိုင်က ပြောဆိုသည်။ 

အကြီးစားပြင်ဆင်မည့် ရဲနွယ်စက်ရုံအတွက် ယူရို ၅ ဒသမ ၄ သန်းခန့်၊ မုန်းချောင်းရေအားစက်ရုံအတွက် ယူရို ၃ ဒသမ ၃ သန်းခန့်၊ ဇောင်းတူရေအားလျှပ်စစ်စက်ရုံအတွက် ယူရို ၁၆ ဒသမ ၄ သန်းခန့်၊ ကင်းတားရေအား လျှပ်စစ်စက်ရုံအတွက် ယူရို ၂ ဒသမ ၄ သန်းခန့်၊ သဖန်းဆိပ်ရေအားလျှပ်စစ်စက်ရုံအတွက် ယူရို ၆ ဒသမ ၅ သန်းခန့် အသုံးပြုမည်ဟု ၎င်းက ရှင်းပြသည်။ 

ယင်းရေအားလျှပ်စစ်စက်ရုံများကို အလုံးစုံပြုပြင်မွမ်းမံခြင်းလုပ်ငန်းနှင့် အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများ ဆောင်ရွက်ပြီးစီးသွားပါက ထိုစက်ရုံများမှ လျှပ်စစ်ထုတ်လုပ်နိုင်မှုပမာဏထက် ၈၁ ကီလိုဝပ်နာရီသန်း တိုးမြင့် ထုတ်လုပ်လာနိုင်မည်ဖြစ်ကြောင်းလည်း လျှပ်စစ်ဒုဝန်ကြီးက ဆက်လက်ပြောဆိုသည်။ 

အဆိုပါစက်ရုံ ၅ ရုံမှ ဓာတ်အားပေးစက်များချို့ယွင်းသဖြင့် အရေးပေါ်ရပ်တန့်ရသည့်ဖြစ်စဉ်များကြောင့် ဓာတ်အားထုတ်လုပ်နိုင်မှုသည် တစ်နှစ်လျှင် ကီလိုဝပ်နာရီ ၂၄၆ သန်းခန့်လျော့နည်းဆုံးရှုံးခဲ့ရကြောင်း ၎င်းက ပြောကြားခဲ့သည်။ 

ချေးငွေသက်ယူရို ၃၅ ဒသမ ၇ သန်း၏သက်တမ်းသည် နှစ် ၂၀ ဖြစ်ပြီး (ဆိုင်းငံ့ကာလ ၇ နှစ်၊ ပြန်ဆပ်ကာလ ၁၃ နှစ်) ဖြစ်ကာ အတိုးနှုန်းသည် သုည ဒသမ ၆၈ ရာခိုင်နှုန်းဖြစ်သည်။ 

“အကျိုးအမြတ်နဲ့ ကုန်ကျစရိတ်အချိုးကိုတွက်ချက်ထားတဲ့အခါမှာ ၁ အချိုး ၁၂ ရရှိပြီး အရင်းကြေကာလ ၈ နှစ်နှင့် ရင်းနှီးမြှုပ်နှံမှုအပေါ် အကျိုးအမြတ်ပြန်ပေါ်နှုန်း (IRR) က ၁၂ ရာခိုင်နှုန်းဖြစ်တာကို တွက်ချက်ရရှိပါတယ်။ ဒီလုပ်ငန်းများကို ၂၀၁၉ ခုနှစ်မှ ၂၀၂၄ ခုနှစ်အတွင်း အကောင်အထည်ဖော် ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်”ဟု ဒုဝန်ကြီး ဒေါက်တာထွန်းနိုင်က ထပ်လောင်းပြောဆိုသည်။ 


အဆိုပါ ချေးငွေရယူရေးကိစ္စကို ဆွေးနွေးလိုသောလွှတ်တော်ကိုယ်စားလှယ်များအနေနှင့် မေလ ၃ ရက်နေ့ နောက်ဆုံးထား၍ ပြည်ထောင်စုလွှတ်တော်ရုံး ညွှန်ကြားရေးမှူးချုပ်ထံ အမည်စာရင်းပေးသွင်းနိုင်ကြောင်း လွှတ်တော်နာယက ဦးတီခွန်မြတ်က ကြေညာခဲ့သည်။

The Voice 

0 comments:

Post a Comment