Monday, April 29, 2019

အစိုးရ၊ တပ်မတော်နှင့် တိုင်းရင်းသားလက်နက်ကိုင်များအကြား ယုံကြည်မှုကျဆင်းလာဟု ဒေါက်တာရန်မျိုးသိမ်း ပြော


အစိုးရ၊ တပ်မတော်နှင့် တိုင်းရင်းသားလက်နက်ကိုင်များအကြား ယုံကြည်မှုကျဆင်းလာသဖြင့် ပြည်တွင်းငြိမ်းချမ်းရေးရှေ့မတိုး၊ နောက်မဆုတ်ဖြစ်နေရကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာရန်မျိုးသိမ်းက ပြောသည်။ 
ရန်ကုန်မြို့ရှိ Park Royal ဟိုတယ်တွင် ဧပြီလ ၂၉ ရက်ကကျင်းပသော “ မြန်မာ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ပုံဖြော်ခင်းလမ်းညွှန်အကိုးအကား” စာအုပ်မိတ်ဆက်ပွဲအခမ်းအနားတွင် အကုန်သိသတင်းဌာန၏ မေးမြန်းချက်ကို ယခုကဲ့သို့ဖြေကြားပေးခြင်း ဖြစ်သည်။ 

“ လတ်တလောငြိမ်းချမ်းရေးလုပ်ငန်းစဉ် ရှေ့မတိုးနောက်မဆုတ်ဖြစ်နေရတဲ့အကြောင်းအရင်းက ဒီအစိုးရ၊ တပ်မတော်နဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေကြားမှာ ယုံကြည်မှုတွေကျဆင်းနေတာ အဓိကအကြောင်းလို့ မြင်ပါတယ်။ အဲဒီအခါကျတော့ ယုံကြည်မှုတည်ဆောက်ရေးကို အစောတလျင် ဆောင်ရွက်ဖို့လိုတယ်လို့ မြင်ပါတယ်။ အဲဒီလိုယုံကြည်မှုတည်ဆောက်နိုင်ဖို့အတွက် အစိုးရ၊ တပ်မတော်နဲ့တိုင်းရင်းသား လက်နက်ကိုင်တွေကြားမှာ အလွတ်သဘော၊ အလုပ်သဘောတွေ့ဆုံဆွေးနွေးမှုတွေ စဉ်ဆက်မပြတ်လုပ်ဖို့ လိုအပ်တယ်လို့မြင်ပါတယ်’’ ဟု နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာရန်မျိုးသိမ်းက ပြောသည်။ 

၂၀၁၅ ခုနှစ်၊ အောက်တိုဘာလ ၁၅ ရက်၌ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာသဘောတူစာချုပ် တွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၈ ဖွဲ့လက်မှတ်ရေးထိုးခဲ့ပြီး ၂၀၁၇ ခုနှစ်တွင် မွန်ပြည်သစ်ပါတီနှင့် လားဟူဒီမိုကရက်တစ်ပါတီတို့ ထပ်မံလက်မှတ်ရေးထိုးခဲ့သည်။ 

“အခုက ပြည်တွင်းငြိမ်းချမ်းရေးမှာ မဟာဗျူဟာရေးဆွဲချမှတ်တာမှာ တစ်ဖွဲ့ကတစ်မျိုးကြိုက်သလို ရေးဆွဲနေသလို ဖြစ်နေတယ်။ ငြိမ်းချမ်းရေးလုပ်တာမှာ အဖွဲ့တွေကများသလို အစိုးရကလည်း အဆက်ဆက် ဖြစ်နေတယ်။ အခုထိမပြီးသေးဘူးပေါ့။ အဟန့်အတားတွေ တစ်ဆို့နေတာတွေရှိတယ်။ အဲဒါကိုပါဝင်သူတွေ အကုန်လုံးက သေချာပြန်ပြီးတော့ မဟာဗျူဟာဆွဲသင့်တယ်လို့ မြင်တယ်’’ဟု BNI မူဝါဒရေးရာ ဥက္ကဋ္ဌဒေါ်နန်းပေါ်ဂေးက ပြောသည်။ 
NCA အပစ်ရပ်လက်မှတ်ထိုးရန်ကျန်ရှိနေသောတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များမှာ KIA ၊AA၊ TNLA၊ SSPP ၊ MMNDA၊ KNPP စသည့်မြောာက်ပိုင်းတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တို့ဖြစ်သည်။ 


မင်းသီဟန်(အကုန်သိသတင်းဌာန)

0 comments:

Post a Comment