Tuesday, April 30, 2019

တရုတ်ပြည်မကြီးသို့ တရားခံလွှဲပြောင်းအမှုရင်ဆိုင်စေမည့် ဥပဒေအပေါ် မကျေနပ်၍ ဟောင်ကောင်သား သောင်းပေါင်းများစွာ လမ်းပေါ်ထွက်ဆန္ဒပြ


ဟောင်ကောင်တွင် တရားခံဟု သံသယရှိသူများကို ပြည်မကြီးတရုတ်နိုင်ငံသို့ ပို့ပေးနိုင်မည့် ဥပဒေတစ်ရပ်ကို အပြောင်းအလဲလုပ်ခဲ့ရာ မကျေနပ်သူ ဟောင်ကောင်သား သောင်းပေါင်းများစွာ လမ်းမများပေါ်ထွက်လာပြီး ဆန္ဒပြကြကြောင်း BBC သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။ 
အဆိုပါ တရားခံလွှဲပြောင်းသည့် ဥပဒေကို ဇူလိုင်လမတိုင်ခင် ပြင်ဆင်ရန် လိုပါကြောင်း၊ သို့မှသာ လူသတ်တရားခံ တစ်ဦးကို ထိုင်ဝမ်သို့ လွှဲပြောင်းပေးနိုင်မည်ဖြစ်ပါကြောင်း ဟောင်ကောင် အရာရှိများက ပြောကြားသည်။ 

နာမည်ကျော် ဟောင်ကောင် ထီးတော်လှန်ရေး၏ အမှတ်သညာဖြစ်သော ထီးများလည်း ဖွင့်ထားသည့် ဆန္ဒပြသူများသည် ဟောင်ကောင်ကျွန်းအပေါ် ဘေဂျင်းအစိုးရ၏ ဩဇာအာဏာ ပိုမိုသက်ရောက်လာမည်ကို စိုးရိမ်နေကြလျက်ရှိသည်။ 

လူပေါင်း နှစ်သောင်းနှစ်ထောင်ခန့် ပါဝင်ဆန္ဒပြသည်ဟု ရဲများဘက်က ခန့်မှန်းထားပြီး ပွဲစီစဉ်သူများကမူ လူ တစ်သိန်းသုံးသောင်း ပါဝင်ခဲ့သည်ဟု ပြောကြားထားသည်။ 

မည်သို့ပင်ဖြစ်စေ ယခုလတ်တလော ဆန္ဒပြပွဲများသည် ဒီမိုကရေစီရေးလိုလားသော ၂၀၁၄ ထီးဆောင်းတော်လှန်ရေး ပြီးနောက်တွင် အင်အားအကြီးဆုံး ဆန္ဒပြပွဲများဖြစ်ခဲ့သည်။ 

“ကာရီလန်း နုတ်ထွက်ပေး။ ကာရီလန်း နုတ်ထွက်ပေး”ဟု ဆန္ဒပြပြည်သူများက ဟစ်ကြွေးခဲ့ကြောင်း Reuters သတင်းတစ်ရပ်က ဖော်ပြထားသည်။ ဟောင်ကောင်ကျွန်း အုပ်ချုပ်ရေးဒါရိုက်တာ ကာရီလန်းသည် ဘေဂျင်းအစိုးရက လိုလားသောခေါင်းဆောင်ဖြစ်၏။ 

တစ်တိုင်းပြည်၊ စနစ်နှစ်ခုမူအရ ဟောင်ကောင်သည် တရုတ်ပြည်မကြီးနှင့် မတူသော ဥပဒေစနစ်ရှိသည်။ 

ဟောင်ကောင်သည် ဗြိတိန်ကိုလိုနီဟောင်းဖြစ်ကာ ၁၉၉၇ ခုနှစ်တွင် နှစ်ငါးဆယ်ကြာ ကိုယ်ပိုင်အုပ်ချုပ်သည့်စနစ် နိုင်ငံခြားရေးနှင့် ကာကွယ်ရေးမှလွဲ၍ ပေးထားရမည်ဖြစ်သည်ဆိုသော အခြေအနေနှင့် တရုတ်ဘက်သို့ ပြန်ပေးခဲ့သည်။ 

ဟောင်ကောင်ကျွန်း၏ တရားခံ လွှဲပြောင်းရေးဆိုင်ရာဥပဒေကို ပြုပြင်မည်ဖြစ်ကြောင်း ဟောင်ကောင်အုပ်ချုပ်ရေးမှူး မစ်စ်လန်းက ကြေညာခဲ့ကာ တရားခံများကို ထိုင်ဝမ်၊ မကာအိုနှင့် ပြည်မကြီးတရုတ်တို့သို့ ပြန်လည်လွှဲပြောင်းနိုင်ရန်ဟု ဆိုထားသည်။ 

တရားခံများကို သေဒဏ်ပေးဖို့၊ နှိပ်စက်ဖို့၊ နိုင်ငံရေးအရ ပြစ်မှုစွဲဖို့ တရုတ်ပြည်မကြီးသို့ ပို့ဆောင်မည့် ဥပဒေမဟုတ်ပါဟု အရာရှိများက ဆိုနေကြသော်လည်း ဆန္ဒပြသူများက အယုံအကြည်မရှိကြဘဲ ခေါင်းဆောင်လန်းက ဟောင်ကောင်ကို သစ္စာဖောက်သူဟု မြင်လျက်ရှိသည်။ 

The Voice

0 comments:

Post a Comment