Monday, April 29, 2019

တောင်ကြီးမြို့ မြင်းဖြူနှစ်ကောင်ဆေးတိုက်၌ ဖြစ်ပွားသော လေးလောင်းပြိုင် လူသတ်မှုတွင် လူသတ်ပြီး ရွှေငွေရတနာပစ္စည်း ငွေကျပ်သိန်း ၁၅၅၇ ဖိုး ယူဆောင်သွားသည်ဟု သိရ


တောင်ကြီးမြို့ ကံသာရပ်ကွက် မင်္ဂလာလမ်း အမှတ် (၁၁၈) ခြင်္သေ့နှစ်ကောင်ကျောင်းလမ်းကြားနှင့် မင်္ဂလာရာမကျောင်းအနီးရှိ မြင်းဖြူနှစ်ကောင် ဆေးတိုက်တွင် ဧပြီ ၂၈ ရက် နံနက်ပိုင်းက လေးလောင်းပြိုင် လူသတ်မှု ဖြစ်ပွားခဲ့ပြီး ရွှေထည်ရတနာပစ္စည်းပေါင်း တန်ဖိုးငွေကျပ် သိန်းပေါင်း ၁၅၅၇ သိန်းဖိုး ယူဆောင်သွားကြောင်း တောင်ကြီးခရိုင် ရဲတပ်ဖွဲ့က အတည်ပြုပြောကြားသည်။ 
အဆိုပါ ဖြစ်စဉ်တွင် အိမ်ရှင် အပါအဝင် လူလေးဦးကို သတ်ပြီး ငွေကျပ် သိန်း ၄၀ နှင့် လက်ဝတ်ရတနာ ရွှေထည်ပစ္စည်းပေါင်း ငွေကျပ်သိန်း ၁၅၁၇ သိန်းဖိုးဖြစ်ပြီး စုစုပေါင်း တန်ဖိုးငွေကျပ် ၁၅၅၇ သိန်း ဖြစ်ကြောင်း တောင်ကြီးခရိုင် ရဲတပ်ဖွဲ့ရုံးမှ ဒုတိယရဲမှူးကြီး ခင်မောင်ဝင်းက ဧပြီ ၂၉ ရက် နေ့လယ်ပိုင်းတွင် အတည်ပြု ပြောကြားသည်။ 

“ပိုက်ဆံက သိန်း ၄၀ ပါသွားတယ်။ ရွှေတွေက သိန်းပေါင်း ၁၅၁၇၊ စုစုပေါင်း ၁၅၅၇ သိန်းလေ။ ငွေသား သိန်း ၄၀၊ ရွှေထည်တွေ လက်ကောက် ဆွဲကြိုးတို့ ဘယက်တို့ ရွှေသီးတို့ အဲလိုတွေ။ နောက်ပြီး ဒင်္ဂါးပြားလည်း ၃၀၀ ပါ သွားသေးတယ်။ ငွေဒင်္ဂါးပြားနဲ့ တူတယ်။ လက်ဝတ်ရတနာတွေပေါင်း ကျပ် ၁၅၁၇ သိန်းပေါ့။ ငွေသားက ၄၀ ဆိုတော့ ၁၅၅၇ သိန်း။ စစ်ဆေးတုန်းဆိုတော့ ဘာမှပြောလို့ မရသေးဘူး ဖြစ်နေတယ်”ဟု တောင်ကြီးခရိုင် ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီး ခင်မောင်ဦး က ပြောကြားသည်။ 

အဆိုပါ တောင်ကြီး ကန်သာရပ်ကွက် လေးလောင်းပြိုင်လူသတ်မှု ကျူးလွန်သူများသည် ကျောက်ပြာပါ လက်စွပ် နှစ်ကွင်း၊ ကျောက်နီပါ လက်ကောက် လေးကွင်း၊ ရွှေဘယက် တစ်ကုံး၊ ကျောက်ပြာပါ ရွှေဘယက် နှစ်ကုံး၊ ၁၂ ကျပ်သားခန့်ရှိ ရွှေချောင်း ခြောက်ချောင်း၊ စိန်လက်ကောက် သုံးကွင်း၊ ဒင်္ဂါး လက်ကောက် ၁၄ ကွင်း၊ ရွှေခေါင်းဘီး နှစ်ခု၊ ရွှေဆံညှပ် တစ်ခု၊ ငွေဒင်္ဂါးပြား ၃၀၀ ပြား၊ ရွှေဆွဲကြိုး ၁၁ ကုံး၊ ရွှေလက်ကောက် ၁၃ ကွင်း နှင့် ငွေသား ကျပ်သိန်း ၄၀ တို့ကို ယူဆောင်သွားခြင်း ဖြစ်ကြောင်း သိရသည်။ 

အဆိုပါ လူသတ်မှုဖြစ်စဉ် နေရာတွင် CID ရဲတပ်ဖွဲ့က အသေးစိတ် စစ်ဆေးနေပြီး ခရိုင်ရဲတပ်ဖွဲ့၊ မြို့နယ်ရဲတပ်ဖွဲ့ကို နောက်ကွယ်မှ ကူညီပံ့ပိုး ဆောင်ရွက်ပေးခြင်းသာ ဖြစ်သဖြင့် ပြောဆို၍ မရသေးကြောင်း CID တပ်ဖွဲ့ တာဝန်ရှိသူက ပြောကြားသည်။ 

အဆိုပါ လူသတ်မှုဖြစ်စဉ်နေရာသို့ ရှမ်းပြည်နယ် ရဲတပ်ဖွဲ့ရုံး ဒုတိယပြည်နယ်မှူး၊ ခရိုင်ရဲတပ်ဖွဲ့မှူး၊ မြို့နယ်ရဲတပ်ဖွဲ့ ဦးစီးအဖွဲ့များ၊ ရဲတပ်ဖွဲ့ဝင်များ နံနက် ၈ နာရီခွဲခန့်တွင် လာရောက် စစ်ဆေးခဲ့ကြပြီး ၁၁ နာရီခန့်တွင် အလောင်းများကို နာရေးကူညီမှု မော်တော်ယာဉ်နှစ်စီးတို့ဖြင့် သက်ဆိုင်ရာ တာဝန်ရှိသူများက သယ်ဆောင်သွားခဲ့ကြသည်။ 

ဖြစ်စဉ်မှာ မြင်းဖြူနှစ်ကောင်ဆေးတိုက် ဒေါ်နန်းခမ်းရွှေ နေအိမ်သို့ အလုပ်လုပ်ရန် လာရောက်သူ မနန်းပြည့်ပြည့် ကျောင်းကြီးစုရပ်ကွက် နေထိုင်သူ အလုပ်လုပ်ရန် မနက်စောစော ရောက်ရှိလာစဉ် နေအိမ် အောက်ထပ်၌ အမျိုးသားတစ်ဦး သွေးအိုင်အတွင်း သေဆုံးနေသည်ကို တွေ့ရှိရပြီး ပတ်ဝန်းကျင် နေအိမ်များကို အကူအညီ တောင်းခံပြီး သက်ဆိုင်ရာသို့ အကြောင်းကြားခဲ့ရာ တောင်ကြီးခရိုင် ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီး ခင်မောင်ဦး၊ တောင်ကြီးမြို့နယ် ရဲတပ်ဖွဲ့မှူးရဲမှူး မောင်မောင်နိုင်၊ တောင်ကြီးမြို့မ ရဲစခန်းမှူး ဒုရဲမှူး အောင်နိုင်ဝင်း၊ ကံသာအုပ်ချုပ်ရေးမှူး ဦးဝင်းမောင် တို့သည် သက်သေများနှင့်အတူ နံနက် ၈ နာရီခွဲအချိန်တွင် အခင်းဖြစ်ရာ နေရာကို စစ်ဆေးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ 

အိမ်အောက်တွင် အမျိုးသား တစ်ဦး၊ အိမ်ပေါ်တွင် သုံးဦး ရက်ရက်စက်စက် အသတ်ခံထားရပြီး အိမ်တွင် ရှိနေသော ခွေးမှာလည်း အသံမထွက်တော့ကြောင်း၊ သေဆုံးသူများကို စစ်ဆေးခဲ့ရာ စိုင်းဆေမွန်း၊ နန်းခမ်းလှိုင်၊ မောင်ဖဖ (ခုနစ်လ) နှင့် အိမ်ဖော်ဖြစ်သူ မအေးမိုး (၁၇ နှစ်) တို့ သေဆုံးနေခြင်း ဖြစ်ကြောင်း ရဲတပ်ဖွဲ့ထံမှ ကနဦး သိရသည်။ 

ဧပြီ ၂၇ ရက်ပိုင်းအချိန်တွင် ည ၁ နာရီ အချိန်ထိ မီးပျက်နေပြီး ထိုအချိန်အထိ အသံများကို မကြားရကြောင်း၊ သွေးများ ခြောက်နေသည်ကို ကြည့်ခြင်းအားဖြင့် ညပိုင်းအချိန်တွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်နိုင်ကြောင်း ပတ်ဝန်းကျင်မှ ပြောဆိုနေကြသည်။ 

ထိုလူသတ်မှုတွင် အရွယ်မရောက်သေးသော ခုနစ်လသားအရွယ် ကလေးငယ် တစ်ဦးကိုပင် လူမဆန်စွာ သတ်ဖြတ်သွားသဖြင့် ကျူးလွန်သူသည် ရက်စက်ယုတ်မာကြောင်း မြို့ခံများက ဝေဖန်မှု မြင့်တက်နေပြီး အမျိုးမျိုး ထင်ကြေးပေး ယူဆနေကြခြင်း ဖြစ်သည်။ 

ရှမ်းပြည်နယ် တောင်ကြီးမြို့ အရှေ့ဘက် နဂါးတောင်တန်း အတက်လမ်း ဟိုပုံးမြို့ အထွက်လမ်းပေါ်ရှိ ဆေးတက္ကသိုလ် အနောက်ဘက်တွင် တည်ရှိသော ဆောက်လုပ်ရေးတပ်ဆွယ် လိုင်းခန်းအတွင်း ၂၀၁၈ ခုနှစ် သြဂုတ် ၂၀ ရက် ညနေပိုင်းအချိန်တွင် လေးလောင်းပြိုင် လူသတ်မှုတစ်ခု ဖြစ်ပွားခဲ့သေးကြောင်း သိရသည်။ 

Eleven Media Group

0 comments:

Post a Comment