Monday, April 29, 2019

မြို့ ကြီးအချို့တွင် အပူချိန်စံချိန်သစ်တင်


ယခုနှစ် နွေရာသီကာလအတွင်း တိုင်းဒေသကြီးနှင့် ပြည်နယ်အချို့ရှိ မြို့ကြီးအချို့တွင် အပူချိန်စံချိန်သစ်များတင်လျက်ရှိကြောင်း မိုးလေ၀သနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက သတင်းထုတ်ပြန်ထားသည်။ 
နိုင်ငံတစ်ဝန်းဒေသအလိုက် အပူချိန်များ မတူသော်လည်း ယခင်နှစ်များ၏ အပူချိန်များထက် အနုတ် ၁ ဒသမ ၅ မှ အပေါင်း ၁ ဒသမ ၅ ဒီဂရီစင်တီဂရိတ်အထိ မြင့်တက်လာကြောင်း မိုးလေ၀သနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်ဒေါက်တာကျော်မိုးဦးက ဆိုသည်။ 
ဧပြီလ ၂၅ ရက်တိုင်းတာချက်များအရ အပူချိန်စံချိန်သစ်တင်သည့် မြို့ရှစ်မြို့ ရှိကြောင်း မိုးလေ၀သနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာမှ သိရသည်။ 
အဆိုပါမြို့များမှာ တောင်ငူ ( ၄၄ ဒသမ ၅ ဒီဂရီစင်တီဂရိတ်)၊ ကြို့ပင်ကောက် (၄၂ ဒသမ ၉ ဒီဂရီစင်တီဂရိတ်)၊ ခရမ်း (၄၂ ဒသမ ၄ ဒီဂရီစင်တီဂရိတ်)၊ ပဲခူး (၄၂ ဒီဂရီစင်တီဂရိတ် )၊ ဘီးလင်း (၄၁ ဒသမ ၄ ဒီဂရီစင်တီဂရိတ်)၊ ရေး (၄၀ ဒသမ ၄ ဒီဂရီစင်တီဂရိတ်)၊ သထုံ (၄၀ ဒသမ ၃ ဒီဂရီစင်တီဂရိတ်) နှင့် ဖျာပုံ (၄၀ ဒီဂရီစင်တီဂရိတ်) တို့ဖြစ်သည်။ 
ကမ္ဘာ့ရာသီဥပြောင်းလဲမှုများကြောင့် မြန်မာနိုင်ငံတွင်လည်း အပူချိန်များ သိသိသာသာတိုးလျက်ရှိပြီး ရန်ကုန်နှင့် ပဲခူးမြို့တို့တွင် အပူကြောင့် သတိလစ်ခြင်း (Heat Stroke) ဖြစ်ကာ ဆေးကုသ မှုခံယူနေရသူများရှိကြောင်း ကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာနထံမှ သိရသည်။ 
ထို့ကြောင့် နံနက် ၁၀ နာရီမှ ညနေ ၄ နာရီအတွင်း နေရောင်ခြည်နှင့် တိုက်ရိုက် ထိတွေ့ခြင်းကို တတ်နိုင်သမျှရှောင်ရှားကြရန်နှင့် အပြင်ထွက်ပါက အရောင်ဖျော့သည့် အဝတ်အစားကို ဝတ်ဆင်ရန်၊ ထီး၊ ဦးထုပ်နှင့် နေကာမျက်မှန်တို့ကို တပ်ဆင်ကြရန်၊ ရေများများသောက်ရန် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက နှိုးဆော်ထားသည်။ 
ယင်းနောက် အရက်သေစာသောက်စားခြင်း၊ အပူလွန်သောနေရာမှ အလွန်အေးသောနေရာသို့၊ အလွန်အေးသည့် နေရာမှ အပူလွန်သောနေရာသို့ ချက်ချင်းကူးပြောင်းခြင်းကို ရှောင်ကြဉ်ရန်လည်း အဆိုပါဝန်ကြီးဌာနက သတိပေးထားသည်။

The Voice Journal 

0 comments:

Post a Comment