Monday, April 29, 2019

ပန်းဆိုးတန်းလမ်းမပေါ်တွင် အကြောင်းမဲ့ အချိန်ကြာမြင့်စွာ ကျောက်ချ ရပ်ထားသည့် ကား နှစ်စီးကို စည်ပင်ဥပဒေဖြင့် အရေးယူမည်ဟု YCDC နို့တစ်စာထုတ်


ရန်ကုန်တိုင်းဒေသကြီး ၊ကျောက်တံတားမြို့နယ်၊ ပန်းဆိုးတန်းလမ်းမပေါ်တွင် အကြောင်းမဲ့ အချိန်ကြာမြင့်စွာ ရပ်ထားသော ကား ၂ စီးကို ၂၀၁၈ ရန်ကုန်မြို့တော်စည်ပင်သာယာ ဥပဒေဖြင့် အရေးယူခံရမည်ဖြစ်ကြောင်း ဧပြီ ၂၉ရက်နေ့တွင် YCDC က အသိပေးကြေညာချက်ကပ်ခဲ့ကြောင်းသိရသည်။ 
" ဒီကား၂စီးမှာ တစီးကတော်တော်ကြာနေပီ ၊ရပ်ထားတာ ၈လလောက်ရှိပြီထင်တယ်။ကျန်တဲ့ တစီးကတော့ ၂လလောက်ပဲ ရှိပါသေးတယ် ။စည်ပင်က မနေ့က အဲဒီကားနှစ်စီးကို စာ လာကပ်သွားတာ။ဒီနေ့ လာဆွဲမယ်လို့ သိရတယ်'' ဟု ပန်းဆိုးတန်းလမ်းနေသူ တဦးကပြောသည်။ 
၂၀၁၈ရန်ကုန်မြို့တော်စည်ပင်သာယာရေးဥပဒေ၏ လမ်းနှင့်တံတားဆိုင်ရာ တားမြစ်ချက်များဖြစ်သော ပုဒ်မ ၃၁၅၊ပုဒ်မခွဲ (ဋ )တွင်မည်သူမျှ မြို့တော်နယ်နိမိတ်အတွင်း လမ်းနှင့်စင်္ကြံများပေါ်တွင် ယာဉ်တစ်မျိုးမျိုးကို ရေဆေးခြင်း၊ပြင်ဆင်ခြင်း၊ ခွင့်ပြုချက်မရှိဘဲ ညအိပ်ရပ်နားခြင်းမပြုရဟူ၍လည်းကောင်း။ ပုဒ်မ ၃၁၅၊ပုဒ်မခွဲ(ဍ)တွင် မည်သူမျှ မြို့တော်နယ်နိမိတ်အတွင်း အများပြည်သူ ဆိုင်ရာ လမ်းပေါ်တွင် အကြောင်းမဲ့ ကြာမြင့်စွာ ယာဉ်ရပ်တန့်ခြင်း၊ ပြုပြင်ခြင်း၊ထားရှိခြင်း မပြုရ ဟူ၍လည်းကောင်း။ ပုဒ်မ ၃၁၅၊ပုဒ်မခွဲ(ဎ)တွင် မည်သူမျှ မြို့တော်နယ်နိမိတ်အတွင်း အများပြည်သူ ဆိုင်ရာ လမ်းပေါ်တွင်ယာဉ်သွားလာခြင်း၊ ရပ်နားခြင်းကို အနှောင့်အယှက် ဖြစ်စေသည့် အတားအဆီးမပြုရဟူ၍လည်းကောင်း ပြဌာန်းထားပြီး အသိပေးကြေညာချက် တွင်ဖော်ပြထားသည်။ 
ထို့အပြင် စီမံခန့်ခွဲရေးဆိုင်ရာ တားမြစ်ချက်ဖြစ်သောပုဒ်မ ၃၂၃၊ပုဒ်မခွဲ(ဈ) တွင် မည်သူမျှ ကော်မတီ၏ ခွင့်ပြုချက် လိုင်စင်မရှိဘဲ မြို့တော်နယ်နိမိတ်အတွင်း ယာဉ်တစ်မျိုးမျိုးကို အသုံးပြု၍ လည့်လည်ကြောငြာရောင်းခြင်းမပြုရ ဟူ၍ ပြဌာန်းထားသည့်အတွက် ထိုတားမြစ်ချက်များကို လိုက်နာဆောင်ရွက်ခြင်းမရှိကြောင်း စစ်ဆေးတွေ့ရှိပါက ၂၀၁၈ရန်ကုန်မြို့တော်စည်ပင်သာယာရေးဥပဒေအရဖြစ်စေ၊အခြားတည်ဆဲဥပဒေအရဖြစ်စေ အရေးယူဆောင်ရွက်သွားမည်ဟူ၍ အသိပေးကြေညာချက်တွင် ဖော်ပြထားသည်။ 

သတင်း/ ဓာတ်ပုံ -ကိုလင်း
News Watch 

 

0 comments:

Post a Comment