Friday, April 26, 2019

မိတ္ထီလာတွင် အိမ်ခြေ (၂၀) မီးလောင်၊ လူ ၁၀၀ နီပါး အိုးမဲ့အိမ်မဲ့ဖြစ်


မိတ္ထီလာမြို့ ရန်မျိုးအောင်ရပ် အောင်စံပါယ် (၁) လမ်းရှိ နေအိမ်တစ်အိမ်တွင် ဧပြီလ ၂၇ ရက်နေ့ နံနက် (၄) နာရီကျော်က လောင်ကျွမ်းခဲ့သည့်မီးကြောင့် အိမ်ခြေ ၂၀ ပျက်စီးဆုံးရှုံးခဲ့ပြီး လူ ၁၀၀ နီးပါး အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရကြောင်း ယင်းရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးထံမှ သိရသည်။ 
မီးဘေးသင့်ခဲ့သည့် အိမ်ထောင်စု ၁၇ စုမှ ကျား၊ မ ၉၇ ဦးတို့ကို ယင်းရပ်ကွက်ရှိ အောင်စံပါယ်ဓမ္မရုံ၌ ခိုလှုံခွင့်ပေးထားကြောင်း ရန်မျိုးအောင်ရပ်ကွက်မှ ရာအိမ်မှူး ဦးရန်အောင်က ပြောကြားသည်။ 

''ပေါ့ဆမီးပါပဲ။ သူက ကယ်ရီ (ဆိုင်ကယ် Taxi) သမား။ ဒယ်အိုးကို ပလပ်ကြိုးဆွဲပြီးတော့ ကယ်ရီထွက်သွားတော့ မေ့သွားတာ။ အဲဒီကနေစတာပါ" ဟု ၎င်းက ပြောဆိုသည်။ 

အဆိုပါမီးလောင်မှုကို တာဝန်သိပြည်သူတစ်ဦး၏ သတင်းပေးချက်အရ မိတ္ထီလာခရိုင်နှင့် မြို့နယ်မီးသတ်စခန်း၊ နယ်မြေ (၁)၊ နယ်မြေ (၂) မီးသတ်စခန်း၊ သီးကုန်းအမြန်လမ်းမီးသတ်စခန်း၊ ယင်းတော်နယ်မြေ၊ ပျော်ဘွယ်မြို့၊ သာစည်မြို့ မီးသတ်စခန်းများမှ မီးငြှိမ်းသတ်ယာဉ်၊ ရေသယ်ယာဉ်၊ အထောက်အကူပြုယာဉ်၊ အုပ်ချုပ်မှုယာဉ် စုစုပေါင်း (၂၀) စီးဖြင့် သန္ဓေတပ်ဖွဲ့ဝင် (၇၄) ဦး၊ အရန်တပ်ဖွဲ့ဝင် (၃၅) ဦးနှင့် ပြည်သူများဝိုင်းဝန်းငြှိမ်းသတ်မှုဖြင့် နံနက် (၅း၀၀) ခန့်တွင် မီးငြိမ်းခဲ့ပြီး လူထိခိုက်မှုမရှိခဲ့ကြောင်း မိတ္ထီလာခရိုင်မီးသတ်ဖွဲ့ရုံး၏ မှတ်တမ်းအရ သိရသည်။ 

မီးလောင်မှုစတင်သည့် နေအိမ်ပိုင်ရှင် ဦးဇော်ဦး (၃၈ နှစ်) ကို အမှတ် (၂) နယ်မြေရဲစခန်းမှ ပုဒ်မ (၂၈၅) ဖြင့် အမှုဖွင့်အရေးယူထားကြောင်း ယင်းရဲစခန်းထံမှ သိရသည်။ 

ဓာတ်ပုံ - မိတ္ထီလာမြို့ခရိုင်မီးသတ်တပ်ဖွဲ့
The Voice

0 comments:

Post a Comment