အသက်ရှူလမ်းကြောင်းဆိုင်ရာ ကူးစက်ရောဂါ (COVID-19) ကူးစက်မှုကို ကန့်သတ် ထိန်းချုပ်နိုင်ပါရန်ချမှတ်ထားသည့်အစီအမံများကြောင့် မြန်မာနိုင်ငံသို့ပြန်လည်ထွက်ခွာနိုင်ခြင်း မရှိဘဲ၊ ဂျပန်နိုင်ငံတွင် အခက်အခဲများရင်ဆိုင်နေကြရသော မြန်မာနိုင်ငံသားများနှင့် မိသားစု များနှင့်စပ်လျဉ်း၍ သက်ဆိုင်ရာဝန်ကြီးဌာနများသို့ တင်ပြထားခဲ့ပါသည်။
မြန်မာသံရုံးအနေဖြင့် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနနှင့် ညှိနှိုင်းချက်အရ All Nippon Airways ရုံးချုပ်နှင့် ၂၀၂၀ ပြည့်နှစ်၊ မေလ၊ ပထမပါတ်တွင် တိုကျိုမြို့၊ Narita International Airport မှရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ လူသားချင်းစာနာမှု အကူအညီ လေယာဉ် (Relief Flight) ပြေးဆွဲပေးနိုင်ရေးအတွက် ညှိနှိုင်းဆောင်ရွက်လျက် ရှိပါသည်။ မြန်မာသံရုံးမှ All Nippon Airways ရုံးချုပ်နှင့် ညှိနှိုင်းပြီးသည့်အခါ ထွက်ခွာမည့် နေ့ရက်ကို အသိပေးသွားမည် ဖြစ်ပါသည်။
ထိုသို့ ညှိနှိုင်းဆောင်ရွက်ရာတွင် မြန်မာနိုင်ငံသို့ ပြန်လည်ထွက်ခွာမည့် ခရီးသည် အရေ အတွက်အပေါ် မူတည်၍ လေယာဉ်စီစဉ်သွားရန် ရှိပါသဖြင့်၊ All Nippon Airways လေယာဉ် လက်မှတ်လက်ဝယ်ရှိထားသူများအနေဖြင့် မြန်မာသံရုံးသို့ ဆောလျင်စွာအသိပေးပါရန် လိုအပ် မည် ဖြစ်ပါသည်။
ဂျပန်နိုင်ငံရောက် မြန်မာနိုင်ငံသားများအနက် နေထိုင်စားသောက်ရေး အခက်အခဲများ ကြောင့် မြန်မာနိုင်ငံသို့ ပြန်လည်ထွက်ခွာလိုသူများအနေဖြင့် မြန်မာသံရုံး၏ အီးမေးလ် metokyo.myanmar@gmail.com သို့ အောက်ပါအချက်အလက်များကို (၂၈-၄-၂၀၂၀)ရက် ၁၂၀၀ နာရီ နောက်ဆုံးထားရှိလျက် ဆောလျင်စွာပေးပို့ကြပါရန် အသိပေးနှိုးဆော်အပ်ပါသည် -
(က) အမည် (Passport ပါအမည်/အင်္ဂလိပ်ဘာသာဖြင့်)
(ခ) Passport အမှတ်
(ဂ) Passport ထုတ်ပေးသည့်နေ့စွဲ (ရက်/လ/နှစ်)
(ဃ) ဂျပန်နိုင်ငံသို့ စတင်ရောက်ရှိသည့်နေ့စွဲ (ရက်/လ/နှစ်)
(င) ပြန်လည်ထွက်ခွာမည့်နေ့စွဲ (ရက်/လ/နှစ်)
(စ) ပြန်လည်ထွက်ခွာလိုသည့်အကြောင်းရင်း
(ဆ) ANA Ticket Reservation အမှတ် (ဥပမာ၊ NH/VGQ5VR…)
ထို့အပြင်၊ Passport ၏ ဓါတ်ပုံပါစာရွက် မိတ္တူနှင့် All Nippon Airways လေယာဉ် လက်မှတ်မိတ္တူတို့ကိုလည်း ပူးတွဲပေးပို့ပါရန် အသိပေးအပ်ပါသည်။
ထို့အပြင်၊ ၂၀၂၀ ပြည့်နှစ်၊ မေလ၊ ပထမပါတ်အတွင်း လေယာဉ်ပျံသန်းနိုင်မည်ဆိုပါက တိုကျိုမြို့၊ နာရီတာအပြည်ပြည်ဆိုင်ရာလေဆိပ်မှ နံနက် ၀၈၁၅ နာရီတွင် ထွက်ခွာမည်ဖြစ်ပြီး၊ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ မွန်းလွဲ ၁၃၁၅ နာရီ၌ ဆိုက်ရောက်မည် ဖြစ်ပါသည်။ ထို့ ကြောင့် ခရီးသည်များအနေဖြင့် နာရီတာအပြည်ပြည်ဆိုင်ရာလေဆိပ်၊ ANA Check-in Counter သို့ နံနက် ၀၆၀၀ နာရီထက် နောက်မကျစေဘဲ ရောက်ရှိရန် လိုအပ်မည် ဖြစ်ပါကြောင်း ထပ်လောင်း အသိပေးအပ်ပါသည်။ (လေဆိပ် Counter သည် နံနက် ၀၇၃၀ နာရီတွင် ပိတ်မည် ဖြစ်ပါသည်။)
မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိပါက ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ချမှတ် ထားသည့် လူထုအခြေပြု ကုသစောင့်ရှောက်မှုပေးခြင်း (Community-based Facility Quarantine) (၂၁)ရက် နှင့် မိမိနေအိမ်တွင် သီးခြားနေထိုင်ခြင်း (Home Quarantine)ကာလ (၇)ရက်၊ စုစုပေါင်း(၂၈)ရက်ကို မပျက်မကွက် လိုက်နာဆောင်ရွက်ရန် လိုအပ်မည် ဖြစ်ပါ ကြောင်းကိုလည်း ထပ်လောင်းနှိုးဆော် အသိပေးအပ်ပါသည်။
မြန်မာသံရုံး
တိုကျိုမြို့။
၂၀၂၀ပြည့်နှစ်၊ ဧပြီလ ၂၅ ရက်။
Ref : Embassy of the Republic of the Union of Myanmar, Tokyo #Myanmar_Online_News
0 comments:
Post a Comment