Thursday, August 29, 2013

စည်ပင်ပိုင်မြေကွက်များ လေလံတင်ရောင်းချ

ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ မြေကွက်လွတ်များအား နှစ် ၆၀ အမည်ပေါက် ဂရန်ပိုင်စနစ်ဖြင့် လေလံတင် ရောင်းချမည် ဖြစ်ကြောင်း သြဂုတ် ၂၇ ရက်တွင် ရန်ကုန်မြို့တော် စည်ပင်ယာရေးကော်မတီ လေလံတင် ရောင်းချရေးအဖွဲ့ အဆောက်အအုံဌာနမှ တာဝန်ရှိသူတစ်ဦးက မြန်မာသံတော်ဆင့်သို့ ပြောသည်။

လေလံဆွဲ ၀ယ်ယူသူများသည် စက်တင်ဘာ ၁၈ ရက် နောက်ဆုံးထား၍ မြို့တော်ဘဏ်သို့  ပေးသွင်းရမည် ဖြစ်ကြောင်း၊ စပေါ်ငွေပေးသွင်းမှု မရှိဘဲ လေလံပွဲ ကျင်းပသည့်နေ့မှ ငွေပေးသွင်းပါက စပေါ်ငွေ၏ ၁ ရာခိုင်နှုန်း နောက်ကျကြေးအဖြစ် အပိုငွေ ပေးသွင်းရမည်ဖြစ်ကြောင်း၊ လေလံ အောင်မြင်ပြီးသူများအား နှစ် ၆၀ အမည်ပေါက် ဂရန်ပိုင် ပေးမည်ဖြစ်ကြောင်း …. ၎င်းက ပြောသည်။

“လေလံအောင်တဲ့သူတွေကို ဂရန် အပိုင်ပေးမှာ။ နှစ် ၆၀ ပြီးရင် သက်တမ်းထပ်တိုးပြီး နေလို့ ရတယ်။ လေလံအောင်တဲ့သူတွေက တစ်ပတ်အတွင်းမှာ ငွေအကျေမချေနိုင်ရင် စပေါ်ငွေ ပြန်မအမ်းဘူး။ နာမည်ပျက်စာရင်းသွင်းပြီး နောက်ထပ် ဘယ်လေလံပွဲမှ ပါလို့ မရတော့ဘူး။ လေလံမအောင်တဲ့ သူတွေကိုတော့ စပေါ်ငွေ ချက်ချင်းပြန်ပေးမယ်”ဟု ၎င်းက ပြောသည်။

ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီပိုင် မြေကွက်လွတ်များကို ရောင်းချမည့် လေလံပွဲအား စက်တင်ဘာလ ၁၉ ရက် နံနက် ၉ နာရီ၌ ရန်ကုန်မြို့တော်ခန်းမတွင် ကျင်းပမည်ဖြစ်၍ လေလံပွဲ ကျင်းပနေစဉ်အတွင်း လေလံတင် ရောင်းချရေးအဖွဲ့သည် အကြောင်း တစ်စုံတစ်ရာ ဖော်ပြခြင်းမရှိဘဲ လေလံပွဲကို အချိန်မရွေး ရပ်ဆိုင်း ရုပ်သိမ်းနိုင်သည်ဟု လေလံဝယ်ယူခွင့် လျှောက်လွှာတွင် စည်းကမ်းချက် ပါရှိသည်။

တောင်ဥက္ကလာပ၊ တာမွေ၊ မရမ်းကုန်း၊ အင်းစိန်နှင့် လှိုင်သာယာမြို့နယ်များမှ မြေကွက်လွတ် ၁၁ ကွက်အား လေလံစနစ်ဖြင့် ရောင်းချမည်ဖြစ်ရာ လေလံပွဲအတွက် စပေါ်ငွေများအား တာမွေမြို့နယ်မှ မြေကွက် ၃ ကွက် အတွက် စပေါ်ငွေ ကျပ်သိန်း ၂၀၀၊ ကျန်မြို့နယ်များအတွက် စပေါ်ငွေ ကျပ်သိန်း ၂၀၀ ခွဲခြား သတ်မှတ်ထားကာ ဈေးနှုန်းနှင့် ကတ်ပြားအမှတ်စဉ် မှားယွင်းနေပါက လေလံတင်သွင်းသူမှ ပြင်ဆင်ပေးရန် သတင်းပို့ရမည်ဖြစ်ပြီး တာမွေ၊ ပင်ရွှေညောင်မြေကွက် ၃ ကွက်နှင့် ပတ်သက်၍ ၎င်းတည်နေရာသည် သာသနာ့နယ်မြေအတွင်းတွင် တည်ရှိသည့်အတွက် အမြင့်ဆုံး ၃ ထပ်ထက် ပိုမို ဆောက်လုပ်ခြင်း မပြုကြောင်း သတ်မှတ်ထားသည်။ အဆိုပါ A4 4 ၄ ရွက်ပါ လေလံဝယ်ယူခွင့် လျှောက်လွှာအား ငွေကျပ် ၃,၀၀၀ ဖြင့် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ အင်ဂျင်နီယာဌာန၊ အဆောက်အအုံသို့ လာရောက် ၀ယ်ယူ လျှောက်ထားလျက် ရှိသည်။

ဇင်မာ

မြန်မာ့သံတော်ဆင့်

0 comments:

Post a Comment