ဒဂုံမြို့နယ် ရန်ကုန် ကလေးဆေးရုံကြီးအတွင်း ဆေးရောင်းသည့် ဆိုင်ခန်း ငှားရမ်း ဖွင့်လှစ်ပြီး နိုင်ငံတော်သို့ ဆိုင်ခန်း ငှားရမ်းခ ငွေများ ပေးသွင်းခြင်း မရှိသည့် စွမ်းထက် ဆေးဆိုင်ကို ကျန်းမာရေး ဝန်ကြီးဌာနက တရား စွဲဆိုထားကြောင်း အဆိုပါ ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာသန်းအောင် က ပြောကြားသည်။
သြဂုတ်လ ၂၉ ရက်နေ့တွင် ကျင်းပသည့် ပြည်ထောင်စု လွှတ်တော် ပထမအကြိမ် သတ္တမ ပုံမှန် အစည်းအဝေးတွင် ပြည်သူ့ငွေစာရင်း ပူးပေါင်း ကော်မတီ၏ အစီရင်ခံစာ ၅/၂၀၁၃ နှင့် စပ်လျဉ်း၍ ရှင်းလင်းစဉ် ၎င်းက ယင်းသို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။
စွမ်းထက် ဆေးဆိုင်က ၂၀၀၇ ခုနှစ် မေလ ၁ ရက်နေ့မှ ၂၀၁၂ ခုနှစ် မတ်လ ၃၁ ရက်နေ့အထိ ဆိုင်ခန်း ငှားရမ်းခငွေ ကျပ် ၂၅ ဒသမ ၇၃၀ သန်းကို ပေးသွင်းခြင်း မရှိသည့်အတွက် ရန်ကုန် အနောက်ပိုင်းခရိုင် တရားရုံးတွင် ဇူလိုင်လ ၉ ရက်နေ့က တရားစွဲဆိုခဲ့ကြောင်း ဒေါက်တာ သန်းအောင်က ရှင်းပြသည်။
“ရန်ကုန် ကလေးဆေးရုံကြီးမှာ စွမ်းထက်ဆေးဆိုင် မရှိတော့ပါဘူး။ ပိတ်သိမ်းထားပါတယ်” ဟု အဆိုပါဆေးရုံမှ တာဝန်ခံ တစ်ဦးက ဆိုသည်။
ကျန်းမာရေး ဝန်ကြီးဌာနက စွမ်းထက် ဆေးဆိုင်ကို တရားစွဲဆိုထားမှုအပေါ် ရန်ကုန် အနောက်ပိုင်း ခရိုင် တရားရုံးက စက်တင်ဘာ ၃ ရက်နေ့တွင် ရုံးချိန်း ခေါ်ဆိုထားကြောင်း ဒုတိယဝန်ကြီးက ပြောကြားသည်။
ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံး၏ အစီရင်ခံစာအရ ကျန်းမာရေး ဝန်ကြီးဌာန က ငွေကျပ် ၂၅ ဒသမ ၇၃၀ သန်း နိုင်ငံတော်သို့ ကြွေးကျန် ပေးသွင်းရန် ကျန်ရှိနေသေးကြောင်း ပြည်ထောင်စုလွှတ်တော် ပြည်သူ့ ငွေစာရင်း ပူးပေါင်း ကော်မတီ၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။
The Voice Weekly
0 comments:
Post a Comment