Thursday, August 29, 2013

သင်္ဘောသားသစ်များ အလုပ်အကိုင် ရရှိရန် အခက်အခဲများ ကြုံတွေ့နေ

နိုင်ငံတကာ ရှိသင်္ဘောကုမ္ပဏီများက သင်္ဘော သားအသစ်များကို အလုပ်လက် ခံမှုမရှိ သလောက်ရှားနေကြောင်း နိုင်ငံတကာသင်္ဘောလိုင်းများ တွင် သင်္ဘောလိုက်ရန်ပြင်ဆင်နေ သူများကို မြန်မာနိုင်ငံသင်္ဘော သား အလုပ်သမားအဖွဲ့ချုပ်မှ အ သိပေးပြောကြားလိုက်သည်။


''အမှန်အတိုင်းပြောရရင် လောလောဆယ်တော့ အလုပ်ရ ဖို့သိပ်မလွယ်ဘူး။ သင်္ဘောသား အသစ်ကိုလက်ခံမယ့်ကုမ္ပဏီက မရှိသလောက်ပဲ''ဟု လက်ရှိသင်္ဘော လိုင်းများ၏ အလုပ်အကိုင်အခြေ အနေကို မြန်မာနိုင်ငံသင်္ဘောသား အလုပ်သမားအဖွဲ့ချုပ်(MSF)ဥက္ကဋ္ဌ ဦးတင်လှိုင်ကပြောသည်။

''သင်္ဘောသား အသစ်တစ် ဦးက အလုပ်ရဖို့သိပ်မလွယ်ဘူး'' ဟု သူကဆက်လက်ပြောသည်။

ယင်းကဲ့သို့ အခြေအနေများ ကြောင့် သင်္ဘောသားများသည် သင်္ဘောလိုင်းများကို စိစစ်ခြင်း မရှိ၊ ရရာလိုင်းကို တက်ရောက် နေသည့်အတွက် နောက်ဆက်တွဲ ဆိုးကျိုးများဖြစ်ပေါ်နေကြောင်း ငြှ် ထံမှ သိရသည်။

''သင်္ဘောတက်ဖို့ခက်ခဲနေ ရာကနေရရာလိုက်ပြီး လူကုန်ကူး ခံရတာတွေလဲရှိတယ်။ ပိုက်ဆံ ပေးပြီး လိုက်နေကြတာလဲရှိတယ်'' ဟု ဦးတင်လှိုင်က ပြောသည်။

ယခုကဲ့သို့ သင်္ဘောသားအ လုပ်အကိုင်ရှားပါးလာခြင်းသည် ကမ္ဘာ့သင်္ဘောသား ဈေးကွက်တွင် အလုပ်အကိုင်ရှားပါးလာခြင်း၊ သင်္ဘောကုမ္ပဏီများမှ သင်္ဘော များကို ရောင်းချအလုပ်ပြောင်းနေ ခြင်းနှင့် ကုမ္ပဏီများက လူဟောင်း များကိုသာ ပိုမိုရွေးချယ်ကြသည့် အတွက်ကြောင့် ဖြစ်ကြောင်း သိရ သည်။

''အခုက လူဟောင်းတွေနဲ့ တင် ကျပ်နေတယ်''ဟုယင်းက ပြောသည်။

လက်ရှိတွင် သင်္ဘောသား ဖြစ် သင်တန်းများကိုတက်ရောက် ပြီး သုံးလအတွင်း သင်္ဘောသား လက်မှတ်ရရှိနိုင်သော်လည်း အ လုပ်ရဖို့အတွက် အခက်အခဲများ ရှိနေကြောင်း သင်္ဘောသားအလုပ် သမားဖြစ်ရန် ရည်ရွယ်သူများကို အသိပေးပြောဆိုသည်။

သင်္ဘောလိုက်ရန်အတွက် ပြင်ဆင်နေသည့် သာကေတမြို့ နယ်နေ လူငယ်တစ်ဦးက ''အခု သင်္ဘောတက်ဖို့အတွက် ဟိုလက် မှတ်လုပ်၊ ဒီလက်မှတ်လုပ်၊ သင် တန်းတက်နဲ့ ၁၅သိန်းလောက်ကုန် သွားပြီ။ တစ်နှစ်ပြည့်တော့မယ်။ အခုချိန်အထိ အလုပ်ရဖို့မမြင် သေးဘူး''ဟု သင်္ဘောလိုက်ရန်အ တွက် အသိအမှတ်ပြုလက်မှတ် များစွာကိုင်ဆောင်ထားရကြောင်း ပြောသည်။

မြန်မာနိုင်ငံသင်္ဘောသား အလုပ်သမား အဖွဲ့ချုပ် (MSF) သည် ယခင် မြန်မာနိုင်ငံပင်လယ် ကူးသင်္ဘောသားအဖွဲ့ချုပ်ကို ဖျက် သိမ်းပြီးနောက် ပေါ်ပေါက်လာ သည့် သင်္ဘောသားကိုယ်စားပြုအ ဖွဲ့အစည်းဖြစ်ကြောင်း သိရသည်။

Yangon Media Group

0 comments:

Post a Comment