Thursday, September 17, 2015

ပေါက်ယူရီနှင့် မူးယစ်ရာဇာများ


အခုတလော တာချီလိတ်မြို့ပေါ်မှာ ပေါက်ယူရီဆိုတဲ့ မူးယစ်ရာဇာ တစ်ယောက် ခြေရှုပ်နေတာတွေ့ရပြန်တယ်။ ထိုင်းဘက်ကိုကူးလိုက် `၀´ နယ်မြေထဲ ပြန်ဝင်သွားလိုက်နဲ့ ထုံးစံအတိုင်း မူယစ်ဆေးဝါးတွေ ကို မှောင်ခိုလမ်း ကြောင်းကနေ ရောင်းဝယ်ဖောက်ကားနေတာပဲ ဖြစ်မယ်။ သူလာတဲ့ပုံစံကလည်း မူးယစ်ဆေးဝါးနဲ့ ကြွယ်ဝ ချမ်းသာနေတဲ့ မူးယစ်ရာဇာပီပီ ခြွေရံသင်းပင်းတွေ တစ်အုပ်တမကြီးနဲ့ကို လာတာ။ တာချီလိတ်မြို့ခံတွေတောင် မျက်လုံးပြူးကုန်ကြတယ်။ ပေါက်ယူရီ လာတဲ့အချိန်မှာပဲ တာချီလိတ်မြို့ထဲကို အမေရိကန်က DEA အဖွဲ့ တွေ ရောက်နေတယ်လို့ သတင်းသဲ့သဲ့ကြားရပြန်တယ်။

ဘယ်သူဘယ်ဝါတွေဆိုတာ လက်ဆုပ်လက်ကိုင် မပြနိုင်ပေမယ့် `၀´ မူးယစ် ရာဇာတွေနဲ့များ ပတ်သက်ဆက်နွယ်နေသလား တွေးမိပါတယ်။
တာချီလိတ်က အချက်အချာကျတဲ့ နယ်စပ်မြို့ဆိုတော့ မူးယစ်ရာဇာတွေ ဖြတ်သွားဖြတ်လာလုပ်နေတာ သိပ် တော့ မဆန်းပါဘူး။ ဒီလိုပဲ CIA ရောက်နေတယ်ဆိုတာကလည်း တိုင်းရင်းသားလက်နက်ကိုင် တစ်ဖွဲ့ဖွဲ့နဲ့ ပတ် သက်မှုရှိနေတာကြောင့်ပါ။

လက်ရှိမြန်မာနိုင်ငံရဲ့ နိုင်ငံရေးအခင်းအကျင်းအရ ရွေးကောက်ပွဲအတွက် မဲဆွယ်နေ ကြပြီ။ ပြည်တွင်းငြိမ်းချမ်းရေးအဆုံးသတ်ဖို့ NCA ကို လက်မှတ်ရေးထိုးနိုင်ရေး ကြိုးစားအားထုတ်နေကြပြီ။ CIA ရောက်နေခြင်းရဲ့ နောက်ကွယ်မှာ တစ်ခုခုရှိနေပါတယ်။ `၀´ မူးယစ်ရာဇာတွေကိုပဲ ကြိုးကိုင်နေသလား ဒါမှ မဟုတ် `၀´ ဒေသထဲကို စိမ့်ဝင်ပြီး အခြားလက်နက်ကိုင်တွေ မူးယစ်ဆေးဝါးနဲ့ လက်နက်မှောင်ခိုလုပ်ငန်းတွေ လုပ်နိုင်အောင် အားပေးအားမြှောက်ပြုနေ သလား စိုးရိမ်စရာပါ။
သေချာတာ တစ်ခုကတော့ ပေါက်ယူရီဟာ ကား ၃၈ စီးနဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေ ခေါ်လာတာဖြစ်တဲ့အတွက် မူးယစ်ဆေးဝါးနဲ့ စိတ်ကြွရူးသွပ်ဆေးပြား တင်ဆောင်လာမှာ သေချာပါတယ်။ ပေါက်ယူရီက ဒါမျိုးလုပ်စား နေတာကြာပါပြီ။ ပေါက်ယူရီလို မူးယစ်ရာဇာတွေကြောင့် ကမ္ဘာ့အလယ်မှာ မြန်မာနိုင်ငံ မျက်နှာပျက်စရာ ဖြစ်နေပါ တယ်။ မြန်မာနိုင်ငံဘက်ကနေ ထိုင်းနိုင်ငံထဲကို ၀င်ရောက်လာတဲ့ မူးယစ်ဆေးဝါး ၉၀ % ဟာ `၀´ နယ်မြေက ဖြစ်တယ်လို့ UNODC က တရားဝင် ထုတ်ပြန်ကြေညာထားပြီး ဖြစ်ပါတယ်။

မှန်ပါတယ်။ ထိုင်း - မြန်မာနယ်စပ်နဲ့ တာချီလိတ်မြို့ပေါ်မှာ ဖမ်းမိတဲ့ မူးယစ်ဆေးဝါးနဲ့ စိတ်ကြွရူးသွပ်ဆေးပြား တွေဟာ `၀´ ဒေသက လာတာပါ။ ဖမ်းဆီးရမိတဲ့ မူးယစ်တရားခံတွေကိုယ်တိုင် `၀´ နယ်မြေက ထုတ်တဲ့ WY စိတ်ကြွဆေးပြားတွေဆိုပြီး ၀န်ခံထားတာ ဖြစ်ပါတယ်။
အခုတာချီလိတ်မြို့ပေါ်ကနေ ဖြတ်သွားတဲ့ ကား ၃၈ စီး ထဲမှာ ပေါက်ယူရီအနေနဲ့ မူးယစ်ဆေး ၀ါးတွေ ဘယ်လောက်တောင် သယ်ဆောင်လာမလဲစဉ်းစားသာကြည့်ပေ တော့။ ဒါ့ကြောင့် UWSA ဟာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ မဟုတ်ဘဲ အင်အားကြီးမားတဲ့ မူးယစ်ဆေးဝါး ဒုစရိုက်ဂိုဏ်းတစ်ဂိုဏ်းသာဖြစ်တယ်လို့ အမေရိကန်တရားရေးဌာနက သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။

ပေါက်ယူရီဟာ ခြေလှမ်းစိပ်စိပ်နဲ့ တာချီလိတ်ကို အလာများတဲ့ မူးယစ်ရာဇာ ဆိုပေမယ့် `၀´ ခေါင်းဆောင်တွေ ဟာ ကမ္ဘာက အလိုရှိနေတဲ့ မူးယစ်ရာဇာစာရင်း ၀င်နေသူတွေ ဖြစ်ပါတယ်။ UWSA ခေါင်းဆောင်ပိုင်း ၈ ဦးတို့ ဟာ မူးယစ်ဆေးဝါးရောင်းဝယ်မှုကို အမေရိကန်ဒေါ်လာ ၁၀၃ သန်းနဲ့ လည်ပတ်လုပ်ကိုင်နေသူတွေ ဖြစ် တယ်လို့လည်း သိရပါတယ်။ အမေရိကန် မူးယစ်ဆေးဝါးတိုက်ဖျက်ရေးအဖွဲ့ DEA က မူးယစ်ရာဇာတွေဖြစ် တဲ့ ဝှေရှောက်ခန်း၊ ဝှေရှောက်ယန်း၊ ဝှေရှောက်လန်း၊ ပေါက်ယူချန်း၊ ပေါက်ယူရီ၊ ပေါက်ယူဟွာ၊ ပေါက်ယူလိုင်နဲ့ ပေါက်ဟွာချန်းတို့ကို ဖမ်းဆီးနိုင်ဖို့ သတင်းပေးရင် အမေရိကန်ဒေါ်လာ ၂ သန်းဆုချမယ်လို့တောင် ကြေညာ ထားတာဖြစ်ပါတယ်။ အဲဒီလိုဆုငွေထုတ်ထားခံရတဲ့ မူးယစ်ရာဇာတွေ လွတ်မြောက်နေတာဟာ ပိုပြီးအန္တရာယ် ကြီးပါတယ်။ ဒီနေ့ဒီအချိန်ထိ မူးယစ်ဆေးဝါးတွေကို တရားမ၀င်ရောင်းဝယ်ဖောက်ကားနေတုန်းပဲလေ။ `၀´ ဒေသမှာ မူးယစ်ဆေးဝါးနဲ့ စိတ်ကြွရူးသွပ်ဆေးပြားတွေကို တန်ချီပြီးထုတ်လုပ်နေတာကို တာဝန်ရှိအဖွဲ့အစည်း တွေအနေနဲ့ ပြတ်ပြတ် သားသားတားဆီးအရေးယူပေးဖို့ လိုအပ်နေပါပြီ။

မူးယစ်ဆေးဝါးမှောင်ခိုလုပ်ငန်းတွေနဲ့ စီးပွားရှာနေတဲ့ မူးယစ်ရာဇာတွေဟာ ထိုင်း-မြန်မာနယ်စပ်တစ်လျှောက် လှုပ်ရှားသွားလာပြီး မူးယစ်ဆေးဝါးဈေး ကွက်ကြီး တစ်ခုအဖြစ် ဖန်တီးနေပါတယ်။ ပေါက်ယူရီဟာ တာချီလိတ် ကနေ ယာဉ်တန်းနဲ့ မိုင်းတွမ်းဘက်ကို ထွက်ခွာသွားပါတယ်။ မိုင်းတွမ်း-၀မ်ဟုန်-ဟိုပန်/ဟိုရွက်-ဟွေအော-မုံးကျွတ် လမ်းကြောင်းဟာ ပေါက်ယူရီတို့ မူးယစ်ဆေးဝါး သယ်ဆောင်နေတဲ့လမ်းကြောင်း ဖြစ်ပါတယ်။ မုံးကျွတ်၊ မုံးထ၊ ခိုင်းလုံ ဒေသတွေဆီကို ပေါက်ယူရီ ခြေဆန့်ရင်း မူးယစ်ဆေးဝါးတွေ ဘယ်လောက်တောင် ရောင်းချနေမှန်း မသိနိုင်ပါဘူး။ သည်ကြားထဲ တာချီလိတ်မှာ အမေရိကန်က DEA အဖွဲ့တွေ ရောက်နေတာကလည်း `၀´ မူးယစ်ရာဇာတွေကိစ္စနဲ့များ ပတ်သက်ဆက်နွယ်နေမလား စဉ်းစားမိပါတယ်။
ပေါက်ယူရီနဲ့ မူးယစ်ရာဇာတွေကတော့ မူးယစ်ဆေးဝါးတွေနဲ့ စီးပွားရှာလို့ ကောင်းနေတုန်းပါပဲ။ သူတို့ကြောင့် ကမ္ဘာမှာ မြန်မာပြည် နာမည်ပျက်နေ ရတာကိုတော့ ပြန်အဖတ် မဆယ်နိုင်သေးပါဘူး။ မူးယစ်ရာဇာတွေကြောင့် မြန်မာပြည် မူးယစ်ဆေးဝါးနဲ့ နာမည်ပျက်နေတာကို ပြည်သူအားလုံးက လက်မခံနိုင်သလို ထိရောက်ပြင်းထန်စွာ အရေးယူပေးဖို့ တောင်းဆို လိုက်ရပါတယ်။
ဇော်မြင့်(တာချီလိတ်)
နေ့စဉ်သတင်း

0 comments:

Post a Comment