Tuesday, September 22, 2015

တပ်မတော်နှင့် KIA တိုက်ပွဲပြင်းထန်

ကချင်ပြည်နယ် မန်စီမြို့နယ် လိုင်ကာကျေးရွာ အနီးတွင် တပ်မတော်နှင့် ကချင်လွတ်မြောက်ရေး တပ်မတော် (KIA/KIO) တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားနေပြီး ဒေသခံပြည်သူ (၂၀၀) ခန့်ထွက်ပြေး တိမ်းရှောင် နေရကြောင်း KIA/KIO Technical Team မှ သတင်းရရှိသည်။
ယခုလ(၂၁)ရက်နေ့ နံနက်ပိုင်းမှ စတင်၍ တိုက်ပွဲများဖြစ်ပွားနေပြီး ယမန်နေ့ ညနေပိုင်းအထိ တိုက်ပွဲများပြင်းထန်စွာ ဖြစ်ပွားနေကြောင်း KIA/KIO Technical Team မှ သိရသည်။

““(၂၁) ရက်နေ့ နံနက်ပိုင်းကစပြီး တိုက်ပွဲတွေ ဖြစ်ပွားနေတယ်။ လက်နက်ကြီးနဲ့ တောက်လျှောက် ပစ်နေတယ်။ ဘာကြောင့် ဖြစ်တယ် ကျွန်တော်တို့ ဘက်က ဘယ်နှဦး ကျဆုံးတယ် ဆိုတာကတော့ ကျွန်တော်တို့လည်း အတိအကျ မသိရသေးဘူး။ ဒေသခံတွေ ထွက်ပြေး တိမ်းရှောင်နေရ တယ်လို့ကြားရ ပါတယ်””ဟု KIA/KIO Technical Team မှ ဗိုလ်ကြီး မုန်ဂွမ်က ပြောသည်။

အပစ်အခတ် ရပ်စဲရေး သဘောတူညီချက် (NCA) လက်မှတ် မရေးထိုးရသေးသည့် အချိန်တွင် တိုက်ပွဲများ ဖြစ်ပွားမှုများ ရှိလာသော်လည်း နှစ်ဖက်ခေါင်းဆောင် များက ညှိနှိုင်းဖြေရှင်း ဆောင်ရွက်သွား မည်ဖြစ်ကြောင်း အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း ခေါင်းဆောင် များက မီဒီယာများကို ပြောကြားထားသည်။

““ကျွန်တော်တို့ကို တိုက်ပွဲတွေ ဖြစ်နေတယ် ဆိုပြီး KIA က အကြောင်းကြား တာတွေ ရှိပါတယ်။ အဲဒီအတွက်လည်း တိုက်ပွဲတွေ ရပ်ဖို့နဲ့ ညှိနှိုင်းဖြေရှင်းဖို့ ဆောင်ရွက်နေ ပါတယ်။ ဒီလိုပါပဲ အောက်ခြေမှာတော့ ထိတွေ့တိုက်ပွဲလေးတွေ ကတော့ ရှိနေဦးမှာပဲလေ။ မန်စီဘက်မှာက နဂိုတုန်းကလည်း ဖြစ်ပွားဖူးပါတယ်””ဟု မြန်မာ့ ငြိမ်းချမ်းရေးစင်တာ (MPC)မှ အပစ်အခတ် ရပ်စဲရေး ဒါရိုက်တာ ဦးမင်းဇော်ဦး ကပြောသည်။

လက်ရှိအချိန်တွင် အောက်တိုဘာလ ပထမပတ်တွင် NCA လက်မှတ် ရေးထိုးနိုင်ရန် အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတို့ ဆောင်ရွက်နေကြသည်။ NCA သဘောတူ လက်မှတ် ရေးထိုးပြီးနောက်ပိုင်း (၂၄) နာရီအတွင်း အောက်ခြေအဆင့် တပ်ဖွဲ့ဝင်များကို အကြောင်းကြားပြီး (၅)ရက်အတွင်း စာချုပ်ပါ အချက်အလက်များကို အောက်ခြေတပ်ဖွဲ့ဝင် အဆင့်ဆင့်သို့ အသိပေး သွားရမည်ဖြစ်ကြောင်း ပါရှိသည်။

Messenger News Journal

0 comments:

Post a Comment