Sunday, September 20, 2015

ကင်ဆာရောဂါကို ကာကွယ်နိုင်ဖို့ အလွယ်ဆုံး နည်းလမ်းများ


ကမ္ဘာ့ကင်ဆာသုတေသန ရန်ပုံငွေအဖွဲ့ ရဲ့ လေ့လာဆန်းစစ်မှုအရ တစ်နေ့ ကို ၁၀ မိနစ်လောက် ကိုယ်လက်လေ့ကျင့်ခန်းလေး လုပ်ပေးတာလိုမျိုး နေ့ စဉ်နေထိုင်မှုပုံစံမှာ ရိုးရှင်းတဲ့ပြောင်းလဲမှုလေးတွေ ပြုလုပ်ပေးတာကနေ ကင်ဆာကို တားဆီးကာကွယ်ပေးနိုင်တယ်လို့ ဆိုပါတယ်။ကမ္ဘာပေါ်မှာ ကြောက်စရာအကောင်းဆုံးရောဂါတစ်ခုဖြစ်တဲ့ ကင်ဆာရောဂါ သင့်ဆီကျရောက်နိုင်ခြေကို နည်းပါးစေဖို့ အတွက် လွယ်ကူရိုးရှင်းစွာလုပ်နိုင်တဲ့ အချက်လေးတွေကို လေ့လာကြည့်ရအောင်။

၁။ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ ကိုယ်အလေးချိန်ကို ထိန်းသိမ်းထားပါ။

ကိုယ်အလေးချိန်များလွန်းတာက အူမကြီး၊ရင်သား၊အသည်းနဲ့ ဆီးကျိတ်ကင်ဆာ စတဲ့ ကင်ဆာရောဂါအမျိုးပေါင်း ၁၀ မျိုး ဖြစ်နိုင်ခြေကို များစေပါတယ်။ ကမ္ဘာ့ကင်ဆာသုတေသနရန်ပုံငွေအဖွဲ့ ရဲ့ ထုတ်ပြန်ချက်အရ လူတွေသာ ကိုယ်အလေးချိန်မျှတညီညွတ်မယ်ဆိုရင် ကင်ဆာရောဂါခြောက်မျိုး မဖြစ်အောင် ကြိုတင်ကာကွယ်နိုင်တယ်လို့ ဆိုပါတယ်။ ကိုယ်အလေးချိန် မျှတခြင်းအားဖြင့် နှလုံးရောဂါနဲ့ သွေးတိုးဆီးချိုရောဂါ တို့ ဖြစ်နိုင်ခြေပါ လျော့ကျ သွားပါတယ်။

၂။ လှုပ်လှုပ်ရှားရှား လုပ်ပေးပါ။

ကိုယ်လက်လှုပ်ရှားပေးတာက နှလုံးနဲ့ အဆုတ်တွေကို ကောင်းမွန်စေကြောင်း သိရှိကြပါတယ်။ ဒီ့အပြင် ကင်ဆာရောဂါဖြစ်နိုင်ခြေကိုပါ လျော့ကျစေတယ်လို့ ဆိုပါတယ်။ အူမကြီးကင်ဆာ၊ရင်သားကင်ဆာနဲ့ သားအိမ်ကင်ဆာ အပါအ၀င် ကင်ဆာအမျိုးအမည်အချို့ ကို ကိုယ်လက်လှုပ်ရှားလုပ်ပေးခြင်းနဲ့ ကြိုတင်ကာကွယ်နိုင်ပါတယ်။ ကိုယ်လက်လှုပ်ရှားပေးခြင်းအားဖြင့် ခန္ဓာကိုယ်တွင်းက ဟော်မုန်းပမာဏကို ထိန်းညှိပေးပြီး၊ ဟော်မုန်း အလွန်များပြားခြင်း က ကင်ဆာရောဂါနဲ့ ဆက်စပ်မှုရှိပါတယ်။

၃။ အသီးအရွက်စိမ်းစားပေးပါ။

ဟင်းသီးဟင်းရွက်၊ အစေ့အနှံနဲ့ ပဲအခြောက်အခြမ်းတွေ စားပေးခြင်းက ကင်ဆာရောဂါကို ကာကွယ်ပေးနိုင်ပါတယ်။ အသီးအနှံစိမ်းတွေစားပေးခြင်းအားဖြင့် ပါးစပ်နဲ့ လည်ချောင်းကင်ဆာ၊ အစာပြွန်ကင်ဆာ၊ အစာအိမ်ကင်ဆာ နဲ့ အဆုတ်ကင်ဆာဖြစ်နိုင်ခြေကို လျော့ကျစေပါတယ်။ ဟင်းသီးဟင်းရွက်တွေမှာ ခန္ဓာကိုယ်အတွင်းက ဆဲလ်တွေပျက်စီးမှုကို ကာကွယ်ပေးနိုင်တဲ့ phytochemicals ဒြပ်ပေါင်းတွေပါဝင်ပါတယ်။

၎။ အရက်လျှော့သောက်ပါ။

အယ်ကိုလ်ဟောဟာ ပါးစပ်နဲ့ လည်ချောင်းကင်ဆာ၊ အစာပြွန်၊အသည်း၊အူမကြီးနဲ့ ရင်သားကင်ဆာ တို့ နဲ့ ဆက်စပ်မှုရှိပါတယ်။ ကျွမ်းကျင်ပညာရှင်တွေရဲ့အဆိုအရ တတ်နိုင်သမျှ အရက်ကို လျှော့သောက်ပေးခြင်းအားဖြင့် ကင်ဆာကို ကာကွယ်ပေးနိုင်ကြောင်း သိရပါတယ်။ အမျိုးသားတွေအနေနဲ့ တစ်နေ့ ကို နှစ်ခွက်ထက် ပိုမသောက်သင့်ဘဲ အမျိုးသမီးတွေဆိုရင် တစ်နေ့ တစ်ခွက်ပဲ သောက်သင့်တယ်လို့ ဆိုပါတယ်။ အရက်လုံးဝ မသောက်ရဘူးလို့ ဆိုလိုတာ မဟုတ်ဘဲ အရက်ပမာဏ အနည်းငယ်ပုံမှန်သောက်ပေးခြင်းအားဖြင့် နှလုံးရောဂါကို ကာကွယ်ပေးနိုင်ကြောင်း လေ့လာတွေ့ ရှိထားပါတယ်။

၅။ ဂတ်စ်ပါတဲ့အချိုရည်နဲ့ သွားရည်စာတွေရှောင်ပါ

ကယ်လိုရီပမာဏအများအပြားပါဝင်တဲ့အစားအစာတွေစားပေးခြင်းက လူတစ်ယောက်ရဲ့ကင်ဆာဖြစ်နိုင်ခြေကို မြင့်တက်စေပါတယ်။ ကယ်လိုရီ ပမာဏများတဲ့ အစားအစာတွေမှာ ချောကလက်၊ အာလူးချောင်းကြော်၊ဘီစကစ်နဲ့ ဘာဂါတို့ ကြက်ကြော်တို့ လိုမျိုး အသင့်စားအစားအစာတွေ ပါဝင်ပါတယ်။ ဂတ်စ်ပါတဲ့အချိုရည်တွေမှာ အားဖြည့်အချိုရည်တွေ၊ သဘာဝမဟုတ်တဲ့ သစ်သီးအချိုရည်တွေ၊ မစ်ရှိတ် စတဲ့အချိုရည်အမျိုးအစားတွေ ပါဝင်ပါတယ်။ သဘာဝသစ်သီးဖျော်ရည်တွေ မှာလည်း သကြားပမာဏအများအပြားပါဝင်တာမို့ ၊ တစ်နေ့ ကို တစ်ခွက်ထက် ပိုမသောက်တာက အကောင်းဆုံးပါပဲ။

၆။ ဆား စားသုံးတာလျှော့ပါ။

ဆားမပါတဲ့ဟင်းက ပေါ့ပျက်ပျက်ဆိုသလို အစားအစာဆိုတာကလည်း ဆားပါမှ အရသာပိုရှိတာမျိုးပါ။ ဒါပေမယ့် ဆား ပမာဏများတာကလည်း သွေးပေါင်ချိန်ဖိအားကို မြင့်တက်စေသလို အစာအိမ်ကင်ဆာဖြစ်နိုင်ခြေကိုလည်း များစေပါတယ်။ ဆားဟာ အစာအိမ်ရဲ့ အတွင်းပိုင်းနံရံကို ထိခိုက်ပျက်စီးစေတာကြောင့် အစာအိမ်ကင်ဆာဖြစ်ရတယ်လို့ သိပ္ပံပညာရှင်တွေက ယုံကြည်ထားကြပါတယ်။ ခန္ဓာကိုယ်ဟာ ဆိုဒီယမ်နဲ့  ကလိုရင်းတဲ့ပေါင်းစပ် ထားတဲ့ ဒြပ်ပေါင်းဖြစ်တဲ့ ဆားပမာဏ အနည်းငယ်သာ မရှိမဖြစ်လိုအပ်ပါတယ်။ ကျွန်တော်တို့ ဟာ တစ်နေ့ ကို ဆားသုံးစွဲမှု ၆ ဂရမ် ထက် နည်းသင့်ပါတယ်။ ဒီထက်နည်းနိုင်ရင် အကောင်းဆုံးဖြစ်ပြီး ခန္ဓာကိုယ်ရဲ့ တကယ်တမ်းဆားလိုအပ်ချက်က အခုပမာဏထက် တော်တော်နည်းပါတယ်။

၇။ ၀က်အူချောင်း၊ကြက်အူချောင်း၊၀က်ဆားနယ်ခြောက်တွေကို ရှောင်ပါ

ပြုပြင်စီမံထုတ်လုပ်ထားတဲ့အသားတွေမှာ ဆားပမာဏအများကြီးပါသလို ဒီလိုအစားအစာတွေကို အလွန်အကျွံစားခြင်းက အူနံရံတွေကို ပျက်စီးစေကာ အူမကြီးကင်ဆာဖြစ်နိုင်ခြေကို မြင့်တက်စေပါတယ်။ ကမ္ဘာ့ကင်ဆာသုတေသနရန်ပုံငွေအဖွဲ့ ရဲ့အဆိုအရ လူတစ်ယောက်ဟာ ပြုပြင်ထားတဲ့အသားတွေကို တစ်နေ့ ၅၀၀ ဂရမ်ထက်ပိုမစားသင့်ဘူးလို့ သိရပါတယ်။

၈။ ဗီတာမင်ဆေးပြားတွေကို သိပ်မမှီခိုပါနဲ့ ။

လူအများစုဟာ ဗိုက်တာမင်နဲ့ သတ္တုဓာတ်ပါဝင်တဲ့ဆေးပြားတွေကို သုံးစွဲလျက်ရှိပါတယ်။ ဒီဆေးတွေ အလွန်အကျွံသောက်သုံးခြင်းက တကယ်တမ်းတော့ ကျွန်တော်တို့ ရဲ့ ကျန်းမာရေးကို ထိခိုက်စေပါတယ်။ လေ့လာမှု အများစုဟာ သီးခြားသတ်မှတ်ထားတဲ့ လူအုပ်စုတွေကိုသာ လေ့လာထားတာဖြစ်ပြီး လူအလုံးစုံကို လေ့လာထားတာမဟုတ်တဲ့အတွက်တော့ ဒီဆေးတွေရဲ့ အကျိုးဆက်အန္တရာယ်ကို အတိအကျပြောဖို့ ကတော့ ခဲယဉ်းနေပါသေးတယ်။

၉။ ကလေးကို မိခင်နို့ တိုက်ကျွေးပါ။

မိခင်နို့ တိုက်တာက ကလေးအတွက်ပါကောင်းကျိုးဖြစ်စေတာမဟုတ်ဘဲ မိခင်ဖြစ်သူရဲ့ ကိုယ်အလေးချိန်ကိုပါ ကျဆင်းစေပြီး ရင်သားကင်ဆာဖြစ်နိုင်ချေကို နည်းပါးစေပါတယ်။ မိခင်ကိုယ်တွင်းက ကင်ဆာဖြစ်နိုင်တဲ့ဆဲလ်ပမာဏကိုပါ ကျဆင်းစေနိုင်ပါတယ်။

၁၀။ ဆေးလိပ်ဖြတ်ပေးပါ။

ဆေးလိပ်ဖြတ်တာက ကင်ဆာအန္တရာယ်လျော့ကျစေဖို့ အတွက် အကောင်းဆုံးနည်းလမ်းတစ်ခုဖြစ်တယ်လို့  ကမ္ဘာ့ကင်ဆာသုတေသနရန်ပုံငွေအဖွဲ့ က ဆိုပါတယ်။ အဆုတ်ကင်ဆာဖြစ်တာရဲ့ ကိုးဆယ် ရာခိုင်နှုန်းလောက်က ဆေးလိပ်သောက်တာကြောင့်ဖြစ် ပါတယ်။ စီးကရက် မီးခိုးတွေမှာ ကင်ဆာဖြစ်နိုင်တဲ့ဓာတုပစ္စည်းတွေ ပြည့်နှက်နေပြီး အဆိုပါဓာတုပစ္စည်းတွေက အဆုတ်တစ်သျှူးတွေကို ရုတ်တရက် ပြောင်းလဲပစ်နိုင်ပါတယ်။ ခန္ဓာကိုယ်ဟာ ဒီပျက်စီးမှုတွေကို ပထမတော့ အလိုအလျောက်ပြင်ပေးနိုင်ပေမယ့် ဆေးလိပ်ကြာရှည်ဆက်သောက်နေမယ်ဆိုရင်တော့ အဆုတ်ဆဲလ်တွေဟာ တဖြည်းဖြည်း ပိုမိုပျက်စီးလာပြီး နောက်ဆုံးမှာ ခန္ဓာကိုယ်က ပြန်မပြင်နိုင်တော့တဲ့ အခြေအနေရောက်သွားပါတယ်။ ဆေးလိပ်ဟာ ခန္ဓာကိုယ်တခြားအစိတ်အပိုင်းတွေဖြစ်တဲ့ ပါးစပ်၊လျှာ၊ လည်ချောင်း၊ အသံအိုး၊ အစာပြွန်၊ ဆီးအိမ်၊ ကျောက်ကပ်၊ အသည်း၊ အစာအိမ်နဲ့ ပန်ကရိယ တို့ မှာပါ ကင်ဆာဖြစ်စေနိုင်ပါတယ်။

အားလုံးပဲ သက်ရှည်ကျန်းမာတဲ့ဘ၀ကို ပိုင်ဆိုင်နိုင်ကြပါစေ။

Ref: Dailymail
Trend Myanmar

0 comments:

Post a Comment