Monday, September 21, 2015

ပေါက်ကွဲမှု ဖြစ်ပွားသော နတ်မောက်မြို့ ဖက်တော ကျေးရွာအား တပ်မတော်မှ လာရောက်စစ်ဆေး

ကလေးနှစ်ယောက် သေဆုံးပြီး တစ်ယောက် ဒဏ်ရာရသည် အထိ ပေါက်ကွဲမှု ဖြစ်ပွားခဲ့သော နတ်မောက်မြို့နယ်၊ ဖက်တော ကျေးရွာရှိ အခင်းဖြစ် နေရာအား တပ်ဘက်မှ တာဝန်ရှိသူများ လာရောက်၍ သက်သေခံ ပစ္စည်း အပိုင်းအစများ စစ်ဆေး ဆောင်ရွက်လျှက် ရှိကြောင်း သတင်းရရှိသည်။လက်ရှိ ပေါက်ကွဲမှုအား မည်သို့ ပေါက်ကွဲသည်ကို အဖြေထုတ်ရန် ကြိုးစားလျှက် ရှိနေပြီး ပေါက်ကွဲသွားသည့် ပစ္စည်းမှာ ရိုင်ဖယ် ဂရင်းနိပ် အမျိုးအစား ရိုင်ဖယ်ပစ်ဗုံးဟု ယူဆလျှက်ရှိကာ တိကျသော အဖြေကို ရရှိရန် ဆက်လက် ဆောင်ရွက်နေဆဲ ဖြစ်ကြောင်း နတ်မောက် ရဲစခန်းမှ သိရသည်။

ပေါက်ကွဲမှု ဖြစ်အပြီး နောက်တစ်နေ့ ဖြစ်သော စက်တင်ဘာ (၁၉) ရက်နေ့ နံက်ပိုင်းက ဆက်သွယ်ရေးတပ် (နတ်မောက်) မှ ဗိုလ်ကြီး ရန်နိုင်ထွန်းနှင့် ဗိုလ်မှူး နန်းထိုက်ဝင်း တို့ကနဦး လာရောက် စစ်ဆေးခဲ့ကြသည်။ ထိုနေ့ညနေ (၃း၃၀) နာရီခန့်တွင်ပင် မခဲယမ်း မီးကျောက်တပ် (တောင်တွင်းကြီး) မှ ဗိုလ်မှူး မင်းသုခနိုင်နှင့် တာဝန်ရှိသူများ လာရောက်ခဲ့ပြီး တဆက်တည်းမှာပင် မိတ္ထီလာလာမြို့ရှိ အမြောက်သင်တန်းကျောင်း (ဖ လံကျင်း) မှ ကျောင်းအုပ်ကြီး ဗိုလ်မှူးကြီး သက်ဦးနှင့်အဖွဲ့ လာရောက် စစ်ဆေးကြည့်ရှု ခဲ့ကြသည်။

ပေါက်ကွဲမှု ဖြစ်ပွားမှုကြောင့် သေဆုံးခဲ့ရသူ ကလေးငယ် နှစ်ဦးအား စက်တင်ဘာ (၁၉) ရက်နေ့ ညနေပိုင်းတွင် ၎င်းကျေးရွာ၌ သဂြိုဟ်ခဲ့ပြီး လာရောက်ကြသူ စစ်ဘက်ဆိုင်ရာ အကြီးအကဲ များကလည်း ထောက်ပံ့မှုများ ပြုလုပ်ခဲ့ကြသည်ဟု ဆိုသည်။

““ပြီးခဲ့သော နှစ်ကလည်း ယာခင်းစပ်တွင် တွေ့ရသည့် အရာတစ်ခုကို အဆိုပါ ကျေးရွာမှ ကလေးငယ်များက တုတ်ဖြင့် ခေါက်၍ ဆော့ကစားကြရာမှ ပေါက်ကွဲမှု ဖြစ်ကာ ကလေးငယ်တစ်ဦး သေဆုံးခဲ့ရဖူးသည်””ဟုလည်း ဒေသခံရွာသား အချို့က ဆိုကြသည်။

ယနေ့ လက်ရှိအချိန် အထိရရှိသည့် သတင်းမှာ သက်ဆိုင်ရာ တာဝန်ရှိသူများ၏ ပြောပြချက်အရ ပေါက်ကွဲမှု ဖြစ်ခဲ့ရသည့် ပစ္စည်းအမျိုးအစားမှာ အမြောက်တပ်တွင် အသုံးပြုသည့် ပစ္စည်းမျိုး မဟုတ်သလို လေတပ်တွင် အသုံးပြုသည့် ပစ္စည်းမျိုးလည်း မဟုတ်ကြောင်း ၎င်းပေါက်ကွဲမှုအား စစ်ဆေးမှုများ ပြုလုပ်လျှက်ရှိပြီး ပြန်ကြားစာ ထွက်ပေါ်လာမှသာ အတည်ပြု၍ ရမည်ဖြစ်ကြောင်း သိရသည်။

Messenger News Journal

0 comments:

Post a Comment