Sunday, July 1, 2018

မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးရေးရာကော်မတီကို မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီး ကော်မတီအဖြစ်ပြောင်းလဲဖွဲ့စည်း ပြည့်တန်ဆာဆိုင်ရာဥပဒေနှင့် အမျိုးသမီးများအပေါ် အကြမ်းဖက်မှု တားဆီးကာကွယ်ရေးဥပဒေ တို့ကို ရေးဆွဲလျက်ရှိ



မြန်မာနိုင်ငံလုံးဆိုင်ရာအမျိုးသမီးရေးရာကော်မတီကို မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီအဖြစ် ပြောင်းလဲဖွဲ့စည်းခဲ့ပြီး ပြည့်တန်ဆာဆိုင်ရာဥပဒေနှင့် အမျိုးသမီးများအပေါ် အကြမ်းဖက်မှုတားဆီးကာကွယ် ရေးဥပဒေတို့ကို ရေးဆွဲလျက်ရှိကြောင်းသိရသည်။

အစိုးရသစ်လက်ထက်တွင် အမျိုးသမီး အရေးတက်ကြွစွာ လှုပ်ရှားဆောင်ရွက်နေသည့် အဖွဲ့များကို ပါဝင် ထည့်သွင်း၍ မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီဟူ၍ ၂ဝ၁၈ ခုနှစ် ဇွန် ၂ဝ ရက်က ပြောင်းလဲဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။

“အသစ်ဖွဲ့စည်းမှုအနေနဲ့ ၂ဝ၁၈ ခုနှစ် ဇွန် ၂ဝ ရက်က အမည်အသစ်နဲ့ မြန်မာနိုင်ငံ လုံးဆိုင်ရာ အမျိုးသမီးကော်မတီဆိုပြီး ပြောင်းလိုက်တယ်။ အရင်က မြန်မာနိုင်ငံလုံး ဆိုင်ရာ အမျိုးသမီးရေးရာကော်မတီ အခုအသစ် အဖွဲ့က မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီး ကော်မတီဆိုပြီး ဖွဲ့လိုက်တယ်။အမျိုးသမီးကော်မတီမှာ အဖွဲ့ဝင် ၂၆ ဦးပါ တယ်။ ၂၆ ဦးက ဌာနဆိုင်ရာ အဖွဲ့အစည်း တွေပါတယ်။ အမျိုးသမီးအရေး တက်ကြွစွာ လှုပ်ရှားတဲ့ အဖွဲ့တွေလည်း ထပ်ထည့်လိုက်တာ ရှိတယ်။ အဲဒီအထဲမှာ မြန်မာနိုင်ငံ အမျိုးသမီး ရေးရာ အဖွဲ့ချုပ်ပါတယ်။ မြန်မာနိုင်ငံ မိခင်နှင့် ကလေးစောင့်ရှောက်ရေး အသင်းပါတယ်။ မြန်မာနိုင်ငံ အမျိုးသမီးစီးပွားရေး စွမ်းဆောင် ရှင်များအသင်းပါတယ်။ 

မြန်မာနိုင်ငံ အမျိုးသမီး များနဲ့ ကလေး သူငယ်များ ဘဝမြှင့်တင်ရေး အသင်းဆိုပြီးပါတယ်။ ကျား၊ မ တန်းတူ ညီမျှရေး ကွန်ရက်ဆိုတာပါတယ်။ အမျိုးသမီးအဖွဲ့ အစည်းများ ကွန်ရက် ဆိုတာပါတယ်။ ဒါ့ပြင် ရင်ခွင်မဲ့ကလေးငယ်များ လျှော့ချရေးနဲ့ ကာကွယ်စောင့်ရှောက်ရေးအသင်း ဆိုတာ ပါတယ်။အခု လတ်တလောမှာဆိုရင် ခုနစ်ခုရှိ ပါတယ်။”ဟု လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ 
ချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေး၏ ပြောကြားချက်ကို ကိုးကား၍ နိုင်ငံပိုင်မီဒီယာတွင်ဖော်ပြခဲ့သည်။

အမျိုးသမီးများနှင့်ပတ်သက်၍ အကာအကွယ်ရရန် အတွက် ၊ဥပဒေပြုရန်အတွက် ၀န်ကြီးဌာနအနေဖြင့် အမျိုးသမီးများနှင့် ပတ်သက်ပြီး ဥပဒေနှစ်ခုကို ရေးဆွဲလျက်ရှိကြောင်းလည်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် 
ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ညွှန်ကြားရေးမှူး ဒေါ်နော်သဝါးကပြောကြားကြောင်း နိုင်ငံပိုင်မီဒီယာများတွင်ဖော်ပြခဲ့သည်။

“အမျိုးသမီးများအပေါ် အကြမ်းဖက်မှု တားဆီးကာကွယ်ရေး ဥပဒေ၊ ပြည့်တန် ဆာ ဆိုင်ရာ ဥပဒေဆိုပြီး ဥပဒေနှစ်ခုကို ရေးဆွဲ ဆောင်ရွက် လျက်ရှိပါတယ်။ ဒါက ဥပဒေပြုရေး ပဲ ဖြစ်ပါတယ်။ ဒီလုပ်ငန်းတွေ အကုန်လုံးကို အကောင်အထည်ဖော် ဆောင်ရွက်ဖို့အနေနဲ့ အစိုးရ မဟုတ်သော အဖွဲ့အစည်းတွေ အရပ်ဘက် လူမှုအဖွဲ့အစည်းတွေ ကုလသမဂ္ဂအဖွဲ့အစည်း တွေနဲ့ ဝန်ကြီးဌာနပေါင်းစုံက ဝိုင်းဝန်းပြီး အကောင်အထည်ဖော် ဆောင်ရွက်ရမှာ ဖြစ်ပါ တယ်။ ဒါမှအမျိုးသမီးတွေ ဖွံ့ဖြိုးတိုးတက်မှုက အရှိန်အဟုန်နဲ့ ရရှိမှာ ဖြစ်ပါတယ်။”ဟု ဒေါ်နော်သ၀ါးက ပြောကြားသည်။

လာမည့် ဇူလိုင် ၃ ရက်နေ့တွင် မြန်မာအမျိုးသမီးများနေ့ကို နေပြည်တော်ရှိ သင်္ဂဟ ဟိုတယ်တွင် ကျင်းပသွားမည်ဖြစ်ပြီး အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရန် ဆောင်ရွက်နေသည့် ဆောက်ရွက်ချက်များကိုလည်း ပြသသွားမည်ဖြစ်ကြောင်း ၊ ဥပဒေရေးရာနှင့် ပတ်သက်ပြီး အမျိုးသမီးများသိရှိနားလည်စေရန်အတွက် ဆွေးနွေးပွဲများကိုလည်းကျင်းပသွားမည်ဖြစ်ကာ လက်မှုပစ္စည်းများကိုလည်း ခင်းကျင်းပြသသွားမည်ဖြစ်ကြောင်းသိရသည်။

The Ladies News

0 comments:

Post a Comment