Tuesday, July 10, 2018

လက်နက်ကိုင်ပဋိပက္ခနှင့်အတူ အာဃာတတရားများ လွှဲပြောင်းပေးခံရခြင်းမျိုးမဖြစ်စေရန် ဝန်ကြီးဦးကျော်တင့်ဆွေ သတိပေး


ပြည်တွင်းလက်နက်ကိုင် ပဋိပက္ခနှင့်အတူ အာဃာတတရားများ လွှဲပြောင်းပေးခံရခြင်းမျိုးမဖြစ်စေရန် နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေက ပြည်ထောင်စု ငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) ကိုယ်စားလှယ်များအား သတိပေးပြော ကြားသည်။

အစိုးရ၊ လွှတ်တော်၊ တပ် မတော်၊ နိုင်ငံရေးပါတီနှင့် တိုင်း ရင်းသား လက်နက်ကိုင်အဖွဲ့ ကိုယ်စားလှယ်များ ပါဝင်ဖွဲ့စည်း ထားသော UPDJC အစည်းအဝေး ကို ဇူလိုင် ၉ ရက်က နေပြည်တော် ၌ ကျင်းပစဉ် UPDJC ဒုဥက္ကဋ္ဌ အစိုးရအစုအဖွဲ့ ကိုယ်စားလှယ် ဦးကျော်တင့်ဆွေက ထိုသို့သတိ ပေးခြင်းဖြစ်သည်။

UPDJC တွင် ပါဝင်သူများ၌ ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခကို ဖန်တီးခဲ့သူများ မပါဝင်ကြောင်း ပြည်ထောင်စုဝန်ကြီးက ပြော ကြားသည်။

‘‘ကျွန်တော်တို့ လက်ထက်အထိ လက်ဆင့်ကမ်းလွှဲပြောင်း ပေးခဲ့တဲ့ ဒီပဋိပက္ခနဲ့အတူ ကျွန် တော်တို့ရင်ထဲကို အာဃာတ တရားတွေကိုပါ လွှဲပြောင်းပေးခံ ရတာမျိုးမဖြစ်အောင် အထူးပဲ သတိထားဖို့ လိုပါတယ်’’ဟု ဦးကျော်တင့်ဆွေက ပြောသည်။

UPDJC တွင် ပါဝင်နေသူ များအနေဖြင့် အစုအဖွဲ့များ ကွဲ ပြားနေသည့်တိုင် တစ်သင်းတစ် ဖွဲ့တည်း စိတ်ဓာတ်မျိုးထားကာ ပူးပေါင်း ဆောင်ရွက်ရန်လို ကြောင်း ၎င်းကဆိုသည်။

‘‘ပဋိပက္ခတွေရဲ့ အဓိကဇာစ် မြစ်ဖြစ်တဲ့ နိုင်ငံရေးပြဿနာ ပြေလည်အောင် ဒီကနေ့ ကျွန်တော် တို့ ကြိုးပမ်းနေကြတာပဲ ဖြစ်ပါ တယ်။ ပြစ်တင်ခြင်း၊ ဝေဖန်ခြင်း၊ လက်ညှိုးထိုးခြင်းဟာ ပဋိပက္ခ တွေကို ပြေလည်အောင် ဆောင် ရွက်ရာမှာ အထောက်အကူ မပြု နိုင်ပါဘူး’’ဟု ဝန်ကြီးက ပြော သည်။

ထို့အပြင် UPDJC အဖွဲ့ဝင်များအနေဖြင့် အတိတ်သင်ခန်းစာကိုယူပြီး အနာဂတ်ကို မျက်နှာမူ ရန်လိုအပ်သည်ဟု ဦးကျော်တင့် ဆွေက မေတ္တာရပ်ခံ ပြောကြား သည်။

‘‘ကျွန်တော်တို့ နိုင်ငံမှာ ယနေ့အထိ ပြည်တွင်း လက်နက် ကိုင် ပဋိပက္ခမချုပ်ငြိမ်းနိုင်သေးပါ ဘူး။ ဒါကြောင့် ကျွန်တော်တို့ လက်ထက်မှာ ပြဿနာတွေ ချုပ် ငြိမ်းစေအောင် ကြိုးပမ်းနေကြ ခြင်းပဲဖြစ်ပါတယ်။ ကျွန်တော်တို့ UPDJC ဟာ ပြဿနာတွေကို ဖန် တီးတာမဟုတ်ဘဲနဲ့ ပြဿနာတွေ ကို ပြေလည်အောင် ကြိုးပမ်းနေခဲ့ တဲ့ အဖွဲ့အစည်းပဲဖြစ်ပါတယ်’’ ဟု ၎င်းကဆိုသည်။

UPDJC တိုင်းရင်းသားလက်နက်ကိုင်အစုအဖွဲ့ ခေါင်းဆောင် ဒေါက်တာ ဆလိုင်းလျန်မှုန်းဆာ ခေါင်းက တိုင်းရင်းသားများ၏ အနာဂတ်ကို နိုင်ငံရေးအရ အာမ ခံချက်ပေးနိုင်သည့် ပြည်ထောင်စု ထူထောင်နိုင်မှသာ တိုင်းပြည်၏ နှစ်ပေါင်း ၇၀ ကြာ ပြည်တွင်းစစ် ချုပ်ငြိမ်းစေနိုင်မည်ဟု ပြောသည်။

‘‘ဒီပြည်တွင်းစစ်ဒဏ်ကို အများဆုံးခံနေတာ အားလုံးသိတဲ့ အတိုင်း တိုင်းရင်းသားတွေပဲဖြစ် ပါတယ်။ ထို့အတွက်ကြောင့်ပြည်တွင်းစစ်ကြီးကို အမြန်ဆုံးချုပ် ငြိမ်းဖို့အတွက် အလိုလားဆုံးအစုအဖွဲ့ကတော့ ကျွန်တော်တို့ တိုင်း ရင်းသားတွေပဲဖြစ်ပါတယ်။ ပြည် သူလူထုတစ်ရပ်လုံးကလည်း ငြိမ်း ချမ်းရေးကို လိုလားပါတယ်’’ ဟု ၎င်းကဆိုသည်။

ပြည်ထောင်စု၏ ပြဿနာ ကို ဖြေရှင်းနိုင်ရေး ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ၌ ရလဒ် ကောင်းများ ရရှိရန်လိုအပ်သည်ဟု ၎င်းကပြောသည်။

ငြိမ်းချမ်းရေးအတွက်အရေးကြီးသော သဘောတူညီချက်များ ရရှိရေး ရည်ရွယ်လုပ်ဆောင်နေ သည့် ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ-၂၁ ရာစုပင်လုံတတိယအစည်းအဝေးကို ဇူလိုင် ၁၁ ရက်မှ ၁၆ ရက်အထိ နေပြည်တော်၌ ပြုလုပ်မည်ဖြစ်သည်။ ယင်း ညီလာခံသို့ အစိုးရ၊ လွှတ်တော်၊ တပ်မတော်၊ နိုင်ငံရေးပါတီနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ များမှ ညီလာခံကိုယ်စားလှယ်များ တက်ရောက် ဆွေးနွေးမည်ဖြစ် သည်။

7Day

0 comments:

Post a Comment