Monday, July 16, 2018

လုံခြုံရေးကဏ္ဍ သဘောတူညီမှ ငြိမ်းချမ်းရေးသဘောတူညီချက် ပြည့်စုံမည်ဟု အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ပြော လာမည့် ၂၁ ရာစုပင်လုံတွင် လုံခြုံရေးဆိုင်ရာသဘောတူညီချက်ရရေး ကြိုးပမ်းမည်ဟု တပ်မတော်ကိုယ်စားလှယ်ပြော


လုံခြုံရေးကဏ္ဍမှ ရလဒ်ကောင်း များရရှိရေးသည် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွက် များစွာအရေးကြီးသည်ဟု နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

‘‘လုံခြုံရေးကဏ္ဍက ညှိနှိုင်းကြရာမှာ အဘက်ဘက်က သတိကြီးစွာနဲ့ ဆောင်ရွက် နေတာကိုတွေ့ရှိရပါတယ်။ လုံခြုံရေးကဏ္ဍမှာ ရလဒ်ထွက်နိုင်ဖို့က ငြိမ်းချမ်းရေးဖြစ်စဉ်အတွက် အများကြီးအရေးကြီးပါတယ်။ ပြီးပြည့်စုံတဲ့ ပြည်ထောင်စုငြိမ်းချမ်းရေး သဘောတူညီမှုဖြစ်ဖို့ဆိုတာ လုံခြုံရေးကဏ္ဍဆိုင်ရာ သဘောတူညီချက်တွေပါဝင်မှဖြစ်မှာ ပါ’’ဟု ဒေါ်အောင်ဆန်းစုကြည်က ၂၁ ရာစု ပင်လုံ တတိယအစည်းအဝေးအပြီး ယမန်နေ့ က မိန့်ခွန်းတွင် ထည့်သွင်းပြောကြားသည်။

လာမည့်ပြည်ထောင်စုငြိမ်းချမ်းရေးညီ လာခံ- ၂၁ ရာစုပင်လုံအစည်းအဝေးများတွင် လုံခြုံရေးကဏ္ဍနှင့်ပတ်သက်သည့် သဘောတူညီချက်ရရှိရေးကြိုးပမ်းမည်ဟု ၂၁ ရာစုပင်လုံညီလာခံ တပ်မတော်အစုအဖွဲ့ကိုယ်စားလှယ် ဒုတိယဗိုလ်ချုပ်ကြီးတင်မောင်ဝင်းက ပြောကြားသည်။ ဒုတိယဗိုလ်ချုပ်ကြီးတင်မောင်ဝင်းသည် ဇူလိုင် ၁၆ ရက် က နေပြည်တော်၌ကျင်းပသည့် ၂၁ ရာစုပင်လုံတတိယအစည်းအဝေးနောက်ဆုံးနေ့တွင် ညီလာခံ သဘာပတိအဖွဲ့ဝင်အဖြစ် တာဝန်ယူခဲ့သူဖြစ်သည်။

NCA လက်မှတ်ထိုးပြီးနောက် သဘောတူညီချက်ချမှတ်သည့် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-၂၁ရာစုပင်လုံကို နှစ်ကြိမ်(၂၁ ရာစုပင်လုံဒုတိယအစည်းအဝေးနှင့် တတိယအစည်းအဝေး)ကျင်းပထားသော်လည်း လုံခြုံရေးကဏ္ဍ သဘောတူညီချက်မချမှတ်နိုင်သေးပေ။

ထို့ကြောင့် ယခု ၂၁ရာစုပင် လုံအပြီးတွင် လုံခြုံရေးကဏ္ဍနှင့်ပတ်သက်သည့် အလုပ်ရုံဆွေးနွေး ပွဲများပြုလုပ်ကာ သဘောတူညီချက်ရရှိသည်အထိ တိုးတက်အောင်ဆောင်ရွက်မည်ဟု ဒုတိယဗိုလ်ချုပ်ကြီး တင်မောင်ဝင်းက ပြောသည်။

‘‘ဒါကတော့ တိုးတက်အောင်လုပ်ရမှာ။ လုံခြုံရေးကဏ္ဍ မပါလို့တော့မရဘူး။ ပါရမယ်။ လာမယ့်ညီလာခံတွေမှာ လုံခြုံ ရေးကဏ္ဍပါနိုင်ဖို့အတွက်ကို အစုအဖွဲ့အသီးသီးကနေ ၀ိုင်းဝန်းကြိုးပမ်းပြီးတော့ ဆောင်ရွက်နေတယ်’’ ဟု ၎င်းကဆိုသည်။

လုံခြုံရေးကဏ္ဍနှင့် ပတ်သက်၍ အလွတ်သဘောဆွေးနွေးမှု၊ တရားဝင်တွေ့ဆုံဆွေးနွေးမှု အလွန်အားနည်း၍ ညီလာခံအပြီးတွင် တပ်မတော်နှင့် အပစ်ရပ်အဖွဲ့များအကြား ညှိနှိုင်းဆွေးနွေးမှုများပိုမိုလုပ်ဆောင်ရန်လိုသည်ဟု NCA လက်မှတ်ထိုးပအိုဝ်းအဖွဲ့ (PNLO)ဦးဆောင် နာယကဗိုလ်မှူးကြီးခွန်ဥက္ကာက ပြောသည်။

လုံခြုံရေးကဏ္ဍသည် လွန်စွာသိမ်မွေ့ကြောင်းနှင့် လက်ရှိတွင် တပ်မတော်က ချဉ်းကပ်သော ရှုထောင့်အမြင်နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များဘက်က ရှုမြင်သည့်ပုံစံသည် ကွာဟမှုရှိကြောင်း ၎င်းကဆိုသည်။

‘‘အဲဒီကွာတဲ့ဟာလေးကို အချိန်ယူပြီးညှိနှိုင်းရင်တော့ အဖြေထွက်နိုင်တယ်’’ ဟု ဗိုလ်မှူးကြီး ခွန်ဥက္ကာက ပြောသည်။

လုံခြုံရေးကဏ္ဍတွင် ကာကွယ်ရေးနှင့် လုံခြုံရေးဆိုင်ရာ ကိစ္စရပ်အဖြစ် အချက်နှစ်ချက်ရှိပြီး အဓိကဆွေးနွေးနေသည်။ ယခု ၂၁ ရာစုပင်လုံမတိုင်မီကလည်း လုံခြုံရေးကဏ္ဍအလွတ် သဘောဆွေးနွေးမှုလေးကြိမ်ပြု လုပ်ခဲ့သော်လည်း ညီလာခံသဘောတူညီချက်ချမှတ်နိုင်သည့် ပြေလည်မှုမရခဲ့ပေ။

၂၁ ရာစုပင်လုံတတိယအစည်းအဝေးကို ဇူလိုင် ၁၁ မှ ၁၆ ရက်အထိ နေပြည်တော်၌ကျင်းပရာ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ မြေယာနှင့်သဘာဝပတ်ဝန်း ကျင်ကဏ္ဍလေးရပ်မှ သဘောတူညီချက် ၁၄ ချက်ကို ပြည်ထောင် စုသဘောတူစာချုပ်အစိတ်အပိုင်း(၂)အဖြစ် ချုပ်ဆိုခဲ့သည်။

7Day

0 comments:

Post a Comment