Monday, July 16, 2018

လိုဏ်ဂူထဲပိတ်မိခဲ့ချိန် ထိုင်းလူငယ်ဘောလုံးသမားတွေ ဘယ်လိုနေထိုင်ခဲ့ကြလဲ


ထိုင်းနိုင်ငံမြောက်ပိုင်း မယ်ဆိုင်မြို့ ဒွိုင်နန်းနွန်းလိုဏ်ဂူထဲ ပိတ်မိခဲ့တဲ့ တောဝက် အကယ်ဒမီ ဘောလုံးအသင်းဝင် လူငယ် ၁၃ ဦးကို ဂူအတွင်း တွေ့လိုက်ရချိန်မှာ သူတို့ဟာ မျှော်လင့်ထားတာထက် စိတ်ဓာတ်ခွန်အား၊ ကိုယ်ခံအားတွေ ပိုကောင်းနေတာ တွေ့ရတယ်လို့ ဆေးတပ်ဆရာဝန် ဒုဗိုလ်မှူးကြီး ဖာ့က် လိုဟချွန်းက ပြောပါတယ်။

လူငယ် ၁၃ ဦးဟာ လောလောဆယ် ချင်းရိုင်ခရိုင်ဆေးရုံကြီးမှာ ဆေးဝါးကုသမှု ခံယူနေပြီး သူတို့နဲ့အတူ ဂူထဲမှာ တပတ်ကြာ နေထိုင်ပြုစုပေးခဲ့တဲ့ ဆေးတပ်ဆရာဝန် ဒုဗိုလ်မှူးကြီး ဖာ့က် လိုဟချွန်းက မနေ့မနက်မှာ ကလေးတွေကို သွားရောက်တွေ့ဆုံ နှုတ်ဆက်ခဲ့တာပါ။

ကလေးတဦးချင်းစီနဲ့ ပွေ့ဖက်နှုတ်ဆက်နေပုံတွေ၊ အုပ်စုလိုက်ဓာတ်ပုံတွေကို သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာ ภาคย์ โลหารชุน မှာ ဖြန့်ဝေထားပြီး ကလေးတွေနဲ့ ဂူထဲနေထိုင်ခဲ့ရတဲ့အပေါ် သူ့ရဲ့သုံးသပ်ချက်တွေလည်း ရေးသားထားပါတယ်။

သူတို့ဟာ ခက်ခဲတဲ့ပတ်ဝန်းကျင်၊ မွန်းကြပ်တဲ့ အနေအထားမှာ နေထိုင်ကြရပေမယ့် လောကကြီးကို အကောင်းဘက်ကမြင်ပြီး ကျောက်တုံးအစအနတွေနဲ့ ထွက်ပေါက်တူးဖော်ခဲ့ကြောင်း၊ သူတို့ဟာ အစာမစားရတာတောင်မှ ၅ မီတာအထိ တူးနိုင်ခဲ့ကြတယ်လို့ ဆိုပါတယ်။

အစာစားပြီးတိုင်း အမှိုက်တွေကို အိတ်အမည်းထဲ စနစ်တကျစွန့်ပစ်ပြီး ဂူထဲရှိ ဘာတစုံတရာကိုမှ ကိုယ်ပိုင်အဖြစ် ယူမသွားဖို့ နည်းပြ ခို့စ်အေခ်က မှာထားတဲ့အတိုင်း ယုံကြည်လိုက်နာကြတယ်လို့ ဆိုပါတယ်။

နည်းပြ ခို့စ်အေခ်မှာ အစာစားတိုင်း ကလေးတွေကို အရင်ဦးစားပေးပြီး သူ့ဝေစုထဲကလည်း ခွဲဝေပေးကြောင်း၊ ဂူထဲရောက်ကာစ ကလေးတွေ စိတ်ရောကိုယ်ပါ ကျန်းမာနေတာကို တွေ့ရတာဟာ သူတို့နည်းပြရဲ့ ကောင်းစွာစောင့်ရှောက်မှုလို့ ယုံကြည်ကြောင်း၊ ဒါကြောင့် ခို့စ်အေခ်ဟာ အနစ်နာခံတတ်တဲ့ စိတ်ထားလှပသူလို့ ဆရာဝန်က တင်စားဖော်ပြထားပါတယ်။

လူတွေက သူတို့ကို ရှာဖွေကယ်ဆယ်နိုင်ဖို့ အားလုံးဝိုင်းဝန်းကြိုးပမ်းခဲ့ကြတာ၊ အနစ်နာခံခဲ့ကြတာတွေကို တောဝက်အဖွဲ့သားအားလုံး ကောင်းစွာသိရှိ နားလည်ကြောင်း၊ သူတို့လေးတွေ ကြီးလာရင် အနာဂတ်မှာ နိုင်ငံအကျိုးပြုလုပ်ငန်းတွေလုပ်ပြီး နိုင်ငံ့အမည်ကောင်းအောင် လုပ်ဆောင်နိုင်မယ့် သားကောင်းတွေ ဖြစ်လာလိမ့်မယ်လို့ ယုံကြည်ကြောင်း ဆရာဝန် ဒုဗိုလ်မှူးကြီးက ပြောသွားပါတယ်။

အသက် ၃၉ နှစ်ရှိ ဆေးတပ်ဆရာဝန် ဒုဗိုလ်မှူးကြီး ဖာ့က် လိုဟချွန်းဟာ လက်ရှိ ထိုင်းအရှေ့မြောက်ပိုင်း ခိုရတ်ခရိုင် တပ်မတော်အမှတ် ၃ ဆေးတပ်ရင်းမှူးအဖြစ် တာဝန်ထမ်းဆောင်နေတာပါ။

သူဟာ ကြည်း၊ ရေ၊ လေ တိုက်ခိုက်ရေးသင်တန်းတွေ အောင်မြင်ကာ ရေငုပ်ပါ ကျွမ်းကျင်တဲ့အတွက် ဂူထဲက ကလေးတွေကို ပြုစုဖို့ အရင်ဆုံးရောက်သွားသူဖြစ်ပြီး နောက်ဆုံးမှ ပြန်ထွက်လာသူလည်း ဖြစ်ပါတယ်။

DVB

0 comments:

Post a Comment