Sunday, July 1, 2018

ကုန်ထုတ်လုပ်မှု အထွက်နည်းခြင်း၊ အချိန်မီ Export မလုပ်နိုင်ခြင်း၊ စက်ရုံငှားရမ်းခ ကြီးမြင့်ခြင်းနှင့် အနိမ့်ဆုံးလုပ်ခလစာ တိုးမြင့်လာခြင်းတို့ကြောင့်ဟုဆိုကာ လှိုင်သာယာမြို့နယ်ရှိ Seduno (Myanmar) အထည်ချုပ်စက်ရုံ ရုတ်တရက် ပိတ်သိမ်း


ကုန်ထုတ်လုပ်မှု အထွက်နည်းခြင်း၊ အချိန်မီ Export မလုပ်နိုင်ခြင်း၊ စက်ရုံငှားရမ်းခ ကြီးမြင့်ခြင်းနှင့် အနည်းဆုံးလုပ်ခလစာ တိုးမြင့်လာခြင်းတို့ကြောင့်ဟုဆိုကာ လှိုင်ယာယာမြို့နယ်ရှိ Seduno (Myanmar) အထည်ချုပ်စက်ရုံ ရုတ်တရက် ပိတ်သိမ်းခဲ့သဖြင့် အလုပ်သမား ၄၀၀ ကျော် အခက်အခဲ ဖြစ်ပေါ်ခဲ့ကြောင်း အဆိုပါစက်ရုံတွင် အလုပ်လုပ်ကိုင်ခဲ့သည့် အလုပ်သမားများထံမှ သိရသည်။

အဆိုပါ စက်ရုံမှာ ကုန်ထုတ်လုပ်မှု အထွက်နည်းခြင်း၊ အချိန်မီ Export မလုပ်နိုင်ခြင်း၊ စက်ရုံငှားရမ်းခ ကြီးမြင့်ခြင်းနှင့် အနည်းဆုံး လုပ်ခလစာ တိုးမြင့်ခြင်းတို့ကြောင့်ဟုဆိုကာ စက်ရုံအနေဖြင့် ရပ်တည်နိုင်ရန် ခက်ခဲလာသည့်အတွက် ပိတ်သိမ်းခဲ့ကြောင်း၊ ၀န်ထမ်းများအား လုပ်ခလစာနှင့် ဥပဒေပါ နစ်နာကြေးများကို ဇွန် ၃၀ ရက်တွင် ထုတ်ပေးသည်ဟု အသိပေး ကြေညာစာထုတ်ခဲ့သော်လည်း နစ်နာကြေးထုတ်ယူသူများရှိသလို မထုတ်သူများလည်း ရှိခဲ့ကြောင်း သိရသည်။

“သူတို့က တစ်လကြိုမပြောဘူး။ သူတို့က ၂၉ ရက်က မီးဘေးအန္တရာယ်နဲ့ ပတ်သက်ပြီး အစည်းအဝေး လုပ်ချင်တယ်ပြောပြီး အလုပ်သမားတွေကို အပြင်ခေါ်ထုတ်တယ်။ ခေါ်ထုတ်ပြီးတော့ စက်ရုံကိုပိတ်လိုက်တယ်။ စက်ရုံကိုပိတ်ပြီးတော့ ပိတ်သိမ်းကြောင်း ကြေညာတာပေါ့။ ရုတ်တရက် ပိတ်သိမ်းတာပေါ့။ နစ်နာကြေးကိုတော့ ၃၀ ရက် ၁၀ နာရီလောက်မှာ ပေးတယ်။ ဘယ်လိုပေးလဲဆိုတဲ့ အပိုင်းတွေမှာ သူတို့ကတော့ အလုပ်ထုတ် နစ်နာကြေးကိုပဲ ဥပဒေအတိုင်း ပေးမယ်ဆိုပြီး ကြေငြာတာပေါ့။ ကျွန်မတို့က မထုတ်သေးတာဖြစ်တဲ့အတွက် မသိသေးဘူး” ဟု အဆိုပါ စက်ရုံမှ အလုပ်သမားသမဂ္ဂဥက္ကဋ္ဌ မခင်ပပခိုင်က ပြောကြားသည်။

ထို့ပြင် အဆိုပါ စက်ရုံမှ အလုပ်သမားများကို အလုပ်ခန့်ထားရာတွင် အလုပ်ရှင် အလုပ်သမား အလုပ်ခန့်ထားမှုဆိုင်ရာ သဘောတူစာချုပ် (EC) ချုပ်ဆို၍ ခန့်ထားခြင်းဖြစ်သော်လည်း အလုပ်ရပ်ဆိုင်းရာတွင် ဥပဒေအတိုင်း တစ်လကြိုတင် အကြောင်းကြားခြင်း မရှိသောကြောင့် လက်ရှိအချိန်တွင် အလုပ်သမားများ အနေဖြင့် အလုပ်သစ်ရရှိရန် အခက်အခဲများရှိနေပြီး နယ်သို့ ပြန်သူများလည်း ရှိကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

“ကျွန်မတို့က ဒီမှာ မြန်မာနိုင်ငံရဲ့ ဥပဒေကို လေးစားမှုမရှိဘူးဆိုပြီး ၀န်ကြီးဌာနကို တရားစွဲပေးဖို့တိုင်မှာ။ နစ်နာတဲ့ အလုပ်သမားတွေ အားလုံးအတွက် EC စာချုပ်ပါအတိုင်း သွားမှာပါ။ EC စာချုပ်မှာ စာချုပ်ချုပ်တဲ့အတိုင်း ချိုးဖောက်တဲ့ လုပ်ငန်းရှင်ကို အရေးယူသွားမှာပါ။ အလုပ်သမားပေါင်း ၄၀၀ ကျော် အကုန်လုံးက EC စာချုပ်ချုပ်ဆိုထားပါတယ်” ဟု မခင်ပပခိုင်က ပြောကြားသည်။

Seduno (Myanmar) အထည်စက်ရုံသည် လှိုင်သာယာမြို့နယ်၊ အပြင်ပဒံ၊ အနော်ရထာလမ်းတွင် ၂၀၁၅ ၁၁ လပိုင်းမှ စတင်လည်ပတ်ခဲ့ပြီး နှစ်နှစ်ကျော်လောက်ကြာခဲ့ပြီး ယခုနှစ် ဇူလိုင် ၁ ရက်တွင် အပြီးပိတ်သိမ်းခဲ့ကာ ၎င်းစက်ရုံမှာ တရုတ်နိုင်ငံသား စက်ရုံဖြစ်ကြောင်း သိရသည်။ စက်ရုံပိတ်သိမ်းရခြင်းနှင့် ပတ်သက်၍ Seduno (Myanmar) အထည်စက်ရုံမှ တာဝန်ရှိသူအား ဖုန်းဖြင့်ဆက်သွယ် မေးမြန်းခဲ့သော်လည်း အဆက်အသွယ် မရှိခဲ့ပေ။

ပြည့်ဖြိုးအောင်၊ စည်သူ
Eleven Media Group

0 comments:

Post a Comment