မူးယစ်ဆေးဝါးဖြင့် အမှုဆင်လုပ်ကြံ ဖမ်းဆီးခံထားရသော ဂန့်ဂေါမြို့နယ်မှ ကျန်းမာရေးဝန်ထမ်း အမျိုးသမီး အာမခံရရှိကြောင်း ဂန့်ဂေါမြို့နယ် မြို့မိမြို့ဖအဖွဲ့ဝင် ဦးကျော်လင်းက ပြောကြားသည်။
အောက်တိုဘာ ၂ ရက် ရုံးချိန်းတွင် အာမခံရရှိခဲ့ခြင်းဖြစ်ပြီး အာမခံဖြင့်အမှုအား ဆက်လက် ရင်ဆိုင်မည်ဖြစ်သည်။
“မြို့ရဲ့ဂုဏ်သိက္ခာ။ ဆရာမလေးရဲ့ သိက္ခာကို ယုံကြည်တဲ့အတွက် အာမခံလိုက်ပေးခဲ့တာ” ဟု မြို့မိမြို့ဖ အဖွဲ့ဝင် ဦးကျော်လင်းက ပြောကြားသည်။
ဂန့်ဂေါမြို့နယ် မွှေ့လည်ကျေးရွာတွင် ငါးနှစ်ခန့် တာဝန်ထမ်းဆောင်ခဲ့ပြီး ကလေးဝမြို့နယ် သစ်ချောက်ကျေးရွာ ကျန်းမာရေးဌာနသို့ ပြောင်းရွှေ့တာဝန် ထမ်းဆောင်ခဲ့သည့် ဒေါ်သန်းသန်းမြင့်သည် တရားရုံးတွင် ကာမလိမ်လည်မှုနှင့် နေပြည်တော်တိုင်းမ်ဂျာနယ် အယ်ဒီတာချုပ် ဦးဝရိန်မိုးအား တရားစွဲဆိုထားသော အမှုကို ရင်ဆိုင်အပြီး ပြန်လာစဉ် စက်တင်ဘာ ၁၁ ရက်က ဂန့်ဂေါ – ကလေးလမ်း ၊ စိုင်ဒူးတံတားအနီး မြို့အ၀င်ဂိတ်တွင် ရဲတပ်ဖွဲ့က သတင်းအရ ဟုဆိုကာ ၎င်းစီးနင်းလာသော ဆိုင်ကယ်ကို ရှာဖွေရာမှ စိတ်ကြွဆေးဝါးများ ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်သည်။
“အဲဒီဆရာမလေးကိစ္စကို စုံခုံဖွဲ့စစ်ဆေးမှုမှာ မူးယစ်ဆေးဝါး ရောင်းဝယ်တယ်၊ သုံးစွဲတယ်လို့ သံသယဖြစ်စရာ မရှိဘဲ လုပ်ကြံခံရတယ်လို့ပဲ သံသယဖြစ်စရာ တွေ့ခဲ့တယ်။ ဒါကြောင့် ဒီနေ့ရုံးချိန်းမှာ အာမခံရခဲ့တယ်လို့ မြင်ပါတယ်။ အဲဒီဆရာမက အမှုကနေ လွတ်မြောက်ရင်လည်း လွတ်မြောက်သွားနိုင်မယ်လို့ ယူဆပါတယ်” ဟု မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ တစ်ဦးက Eleven Media Group သို့ အောက်တိုဘာ ၂ ရက်က ပြောကြားသည်။
ဂန့်ဂေါမြို့တွင် မူးယစ်ဆေးဝါးအမှုနှင့် ဖမ်းဆီးခံရသော ကျန်းမာရေးဆရာမ ဒေါ်သန်းသန်းမြင့်အား စက်တင်ဘာ ၂၆ ရက် နံနက်တွင် ရမန်ထပ်ယူရန်အတွက် ရုံးထုတ်ခဲ့ပြီး ဆရာမ ဒေါ်သန်းသန်းမြင့်က မူးယစ်ဆေးဝါးများသည် သူမ၏ပစ္စည်း မဟုတ်ကြောင်းနှင့် အမှုကို လုပ်ကြံဖန်တီးသူအား အမြန်ဆုံး ထုတ်ဖော်ပေးရန် ကျန်းမာရေးဆရာမ ဒေါ်သန်းသန်းမြင့်က ပြောကြားထားသည်။
“ဒီအမှုနဲ့ ပတ်သက်လို့ကတော့ ဆိုင်ကယ်ဘောက်ထဲမှာ တွေ့တာ ကျွန်မဟာ မဟုတ်သလို ကျွန်မပစ္စည်း မဟုတ်ဘူး။ အဲဒါပဲ ပြောချင်တယ်။ ဒါနဲ့ပတ်သက်လို့ အမှုကို လုပ်ကြံတဲ့သူကို အမြန်ဖော်ထုတ်စေချင်တယ်။ ကျွန်မ မဟုတ်တဲ့အတွက် အကျဉ်းချတဲ့အထဲမှာ မနေချင်ဘူး”ဟု ကျန်းမာရေးဆရာမ ဒေါ်သန်းသန်းမြင့်က ပြောကြားသည်။
မူးယစ်ဆေးဝါးမှုဖြင့် ဖမ်းဆီးခံထားရသည့် အမျိုးသမီး ကျန်းမာရေးဝန်ထမ်း အမှုကို အမြန်ဆုံးနှင့် အမှန်ဆုံး ဆောင်ရွက်ပေးရန် ဂန့်ဂေါခရိုင်အတွင်းရှိ ကျန်းမာရေး ၀န်ထမ်းများက ကြေညာချက် ထုတ်ပြန်တောင်းဆိုခဲ့ပြီး ထူးခြားမှု မရှိပါက ဆန္ဒထုတ်ဖော်မည်ဟု ပြောကြားသည်။
ဂန့်ဂေါမြို့နယ်အတွင်း ကျန်းမာရေးဝန်ထမ်း အမျိုးသမီးအား မူးယစ်ဆေးဝါးမှုနှင့် ဖမ်းဆီးခြင်းမှာ လုပ်ကြံဖန်တီးမှုဟု ဆွေမျိုးများနှင့် နီးစပ်သူများက ပြောကြားပြီး နိုင်ငံတော်သမ္မတ၊ နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်တို့ထံ တိုင်ကြားမည်ဟု ၎င်း၏ ဆွေမျိုးများက ပြောကြားခဲ့သည်။
အဆိုပါ အမှုနှင့် ပတ်သက်ပြီး သက်ဆိုင်ရာက စုံခုံဖွဲ့စစ်ဆေးနေပြီး ရလဒ်များနှင့် ပတ်သက်၍ မကြာမီ သတင်းထုတ်ပြန်သွားမည် ဖြစ်ကြောင်း The Daily Eleven သတင်းစာက သတင်းရရှိသည်။
ElevenMedia Group







0 comments:
Post a Comment