မြန်မာနိုင်ငံမှာ လက်ရှိအချိန်အထိ အများပြည်သူကို တရားဝင် ရှယ်ယာရောင်းချခွင့်ပြု ထားတဲ့ ကုမ္ပဏီ ၆၁ ခုပဲရှိတယ်လို့ ရင်းနှီးမြှုပ်နှံမှုနဲ့ ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ထားပါတယ်။
မြန်မာနိုင်ငံ ကုမ္ပဏီများ အက်ဥပဒေနဲ့အညီ ဖွဲ့စည်းမှတ်ပုံတင်ထားတဲ့ အများနဲ့ သက်ဆိုင်တဲ့ ကုမ္ပဏီတွေထဲက ၂၀၁၇ ခုနှစ် သြဂုတ်မှာ ၅၅ ခု၊ စက်တင်ဘာမှ ၄ ခုကို ကြေညာပေးခဲ့ပြီး မနေ့က ၂၀၁၈ ခုနှစ် အောက်တိုဘာ ၁ ရက်နေ့က နောက်ထပ် ကုမ္ပဏီ ၂ ခုကို ကြေညာပေးခဲ့ပါတယ်။
ဒီကုမ္ပဏီတွေကလွဲလို့ တခြား ဘယ်စီးပွားရေးလုပ်ငန်းကမှ အများပြည်သူကို အစု ရှယ်ယာ ရောင်းချခွင့် မရှိဘူးလို့လည်း ဆိုပါတယ်။
လက်ရှိခွင့်ပြုထားတဲ့ ကုမ္ပဏီတွေထဲမှာ ဘဏ်လုပ်ငန်း ၉ ခု၊ လေကြောင်းလိုင်းတခု ပါဝင်ပြီး မြန်မာ့စီးပွားရေးဦးပိုင်လီမိတက်လည်း ပါဝင်ပါတယ်။
ကုမ္ပဏီတချို့ဟာ အကြောင်းအမျိုးမျိုးနဲ့ မက်လုံးပေးပြီး ငွေကြေးရင်းနှီးမြှုပ်နှံတာတွေ လုပ်ဖို့ ဖိတ်ခေါ်တာ၊ အွန်လိုင်းကတဆင့် အစုရှယ်ယာ ရောင်းချတာတွေ၊ အစုရှယ်ယာဝယ်ယူဖို့ ဖိတ်ခေါ်တာတွေ ရှိတယ်လို့ ရင်းနှီးမြှုပ်နှံမှုနဲ့ ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနက ဆိုပါတယ်။
အစုရှယ်ယာရောင်းဖို့ ထပ်ခွင့်ပြုတဲ့ ကုမ္ပဏီတွေရှိလာရင် ဆက်လက် ထုတ်ပြန်ပေး သွားမယ်လို့လည်း ဆိုပါတယ်။
ရင်းနှီးမြှုပ်နှံမှုနဲ့ ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနရဲ့ စာရင်းတွေအရ ၂၀၁၇ ခုနှစ် နိုဝင်ဘာလကုန်အထိ မှတ်ပုံတင်ထားတဲ့ မြန်မာကုမ္ပဏီပေါင်း ၅၂၀၀၀ ကျော်အပါအဝင် နိုင်ငံခြားရုံးခွဲ၊ ဖက်စပ် စတဲ့ ကုမ္ပဏီနဲ့ အသင်းပေါင်း ၆၀,၀၀၀ လောက် ရှိနေပါတယ်။
DVB
0 comments:
Post a Comment