Monday, October 1, 2018

နိုင်ငံပိုင်မြေနှင့် အဆောက်အအုံများ ဈေးပေါပေါ ငှားရမ်းမှုသည် အကျင့်ပျက်ခြစားမှုကို ဦးတည်ကြောင်း အမတ်များ ထောက်ပြ

ပြည်သူလူထု စီးပွားရေးအခက်အခဲဖြစ်ပေါ်နေချိန်တွင်အစိုးရက နိုင်ငံပိုင်မြေနှင့် အဆောက်အအုံများကို လွန်စွာနည်းပါးသည့် ငွေကြေးဖြင့် ငှားရမ်းထားခြင်းသည် အကျင့်ပျက်ခြစားမှုကို ဦးတည်စေ ကြောင်း ပန်းဘဲတန်းမြို့နယ် တိုင်းလွှတ်တော်ကိုယ်စားလှယ် ဦးသန်းနိုင်ဦးက လွှတ်တော်၌ပြောသည်။ 
ရန်ကုန်တိုင်းစာရင်းစစ်ချုပ်၏ ၂၀၁၆-၁၇ ဘဏ္ဍာရေးနှစ် စစ် ဆေးတွေ့ရှိချက် အစီရင်ခံစာနှင့်ပတ်သက်၍ အောက်တိုဘာ ၁ ရက်က တိုင်းလွှတ်တော်၌ ဆွေးနွေးစဉ် ၎င်းက အထက်ပါအတိုင်း ပြောကြားခြင်း ဖြစ်သည်။ 

‘‘အခုအချိန်မှာ ပြည်သူလူထုအနေနဲ့ စီးပွားရေးအခက်အခဲတွေ ဖြစ်ပေါ်နေပါတယ်။ ဒီလိုအခြေအနေမျိုးမှာ နိုင်ငံပိုင်မြေတွေ၊ အဆောက် အအုံတွေကို ငှားရမ်းခြင်းအတွက် ငှားရမ်းခတွေကို ဌာနဆိုင်ရာတွေက များစွာလျော့နည်းပေးသွင်းတာတွေဟာ အကျင့်ပျက်ခြစားမှုတွေကို ဦးတည်နေတာဖြစ်ပါတယ်။ ဒီ စာရင်းစစ်ချုပ် အစီရင်ခံစာမှာပါ တဲ့ နိုင်ငံတော်ရဲ့ နစ်နာမှုအတွက် အပြစ်ရှိသူတွေကို တည်ဆဲဥပဒေ အတိုင်း အရေးယူပေးဖို့ တင်ပြ လိုက်ရပါတယ်’’ဟု ဦးသန်းနိုင်ဦး က ရှင်းပြသည်။ 

ရန်ကုန်မြို့တော် စည်ပင် သာယာရေးကော်မတီ ဈေးများ ဌာနတွင် ဒဂုံမြို့သစ်အရှေ့ပိုင်း အမှတ် (၂) ဈေး၏ လုပ်ငန်း ခြောက်ခု၊ မြောက်ဥက္ကလာပမြို့ နယ် အမှတ် (၂) ဈေး၏ လုပ်ငန်း ခြောက်ခုနှင့် အလုံဈေးအကြီးစား ပြင်ဆင်မှုအတွက် လုပ်ငန်းငါးခု ၌ ကျပ် ၇၄၈ သန်းကျော်ကို လုပ်ငန်းဆောင်ရွက်ထားမှုမရှိဘဲ ထုတ်ယူပေးချေထားသည်ကို လေ့လာတွေ့ရှိရကြောင်း ၎င်းက ပြောသည်။ 

စည်ပင်သာယာရေး ကော် မတီ ထုတ်လုပ်ရေးဌာနတွင် လုပ် ငန်းခွဲ ၁၄ ခုရှိရာ နစ်နာဆုံးရှုံးခဲ့ သည့် တန်ဖိုး ကျပ်သန်း ၁,၀၀၀ ကျော်ရှိကြောင်း ဦးသန်းနိုင်ဦးက ပြောသည်။ ယင်းတို့အနက် ထောက်ကြန့်မြို့နယ် ကြက်မွေးမြူရေးစခန်း၏ ငါးနှစ်ဆက် တိုက် အရှုံးသည် ကျပ်သန်း ၃၄၀ ကျော် ရှိကြောင်း၊ ဥတိုစိုက်ပျိုးမွေးမြူရေး အပန်းဖြေစခန်း၏ အရှုံး သည် ကျပ် ၁၇၅ သန်းကျော်ရှိ ကြောင်း ဦးသန်းနိုင်ဦးက ဆို သည်။ 

အဆိုပါ ရန်ကုန်တိုင်းစာရင်း စစ်ချုပ် အစီရင်ခံစာအပေါ် တိုင်း လွှတ်တော်ကိုယ်စားလှယ် ခုနစ် ဦးက ဆွေးနွေးခဲ့သည်။ 

ထို့အပြင် ရန်ကုန်တိုင်းအစိုး ရအနေဖြင့် ရန်ကုန်တိုင်းအတွင်း နှစ်ရှည်ငှားရမ်းထားသည့် မြေ၊ အဆောက်အအုံ၊ ဈေးဆိုင်ခန်း၊ ရုပ်ရှင်ရုံများနှင့် အပန်းဖြေဥယျာဉ်များ၏ ငှားရမ်းခကို ပြန်လည်စိစစ် ရန် လိုအပ်ကြောင်း ဒဂုံမြို့နယ် တိုင်းလွှတ်တော်အမတ် ဦးကျော် ဇေယျက ပြောသည်။ 

ဒဂုံမြို့နယ်ရှိ ပြည်သူ့ရင်ပြင် နှင့် ပြည်သူ့ဥယျာဉ်အတွင်းရှိ မြေ နေရာ၊ အဆောက်အအုံများ ငှား ရမ်းခသည် ကာလပေါက်ဈေး အောက် လျော့နည်းနေ၍ တစ်လ လျှင် ကျပ်သန်း ၁,၀၀၀ အထိ နစ်နာဆုံးရှုံးနေကြောင်း ၎င်းက ဆိုသည်။ 

‘‘ဒီဟာတွေက အရင်အစိုးရ လက်ထက်ကနေ ပွင့်လင်းမြင်သာမှုမရှိဘဲ စာချုပ်မချုပ်၊ တင်ဒါမရှိ ဘဲ လုပ်ခဲ့တာတွေပါ။ ကျွန်တော် တို့ အစိုးရလက်ထက်မှာ ပြောင်း လဲဖို့လိုပါပြီ’’ဟု ဦးကျော်ဇေယျ က သုံးသပ်ပြောကြားသည်။ 

ပြည်သူ့ရင်ပြင်နှင့် ပြည်သူ့ ဥယျာဉ်ရှိ မြေ၊ အဆောက်အအုံ များကို ၂၀၀၉ တွင် စတင်ငှားရမ်း ခဲ့သော်လည်း စာချုပ်မချုပ်ဆိုခဲ့ ပေ။ ၂၀၁၂ မှသာ တစ်လလျှင် ကျပ်သိန်း ၂၀ ဖြင့် စာချုပ်ချုပ်ခဲ့ ကြောင်း ဦးကျော်ဇေယျက ရှင်း ပြသည်။ 

‘‘ကျွန်တော်တို့က ၂၀၁၅-၁၆ ဘဏ္ဍာနှစ် အစီရင်ခံစာ ဆွေးနွေးတော့ နည်းတယ်ဆိုတာ ထောက်ပြဝေဖန်လိုက်ပြီးမှ အခု နှစ် အစီရင်ခံစာအရ တစ်လကို ကျပ်သိန်း ၁,၀၀၀ ရတယ်။ ဒါ ဟာ တစ်စတုရန်းပေကို ၁၇၇ ကျပ် နဲ့ တွက်ထားတာ။ ဒဂုံမြို့နယ်မှာ တကယ့်ပေါက်ဈေးက တစ် စတုရန်းပေကို ကျပ် ၁,၀၀၀။ အဲဒီတော့ တစ်လကို ကျပ် တစ် ဘီလီယံလောက် နစ်နာတယ်။ တစ်နှစ်ဆို ကျပ် ၁၂ ဘီလီယံ လောက် နစ်နာနေတယ်။ ဒါကို ပြန်သုံးသပ်ဖို့လိုပြီ’’ဟု ၎င်းက ပြောသည်။ 

ရန်ကုန်တိုင်းအတွင်းရှိ ပန်း ခြံများထဲမှ ကန်တော်ကြီး သဘာဝဥယျာဉ်အတွင်းရှိ စားသောက် ဆိုင် ငါးဆိုင်၊ ဦးဥတ္တမပန်းခြံအ တွင်းရှိ စားသောက်ဆိုင် တစ်ဆိုင် နှင့် ကလေးကစားကွင်းတစ်ခု၊ မြိုင်ဟေဝန် ပန်းခြံအတွင်းရှိ စား သောက်ဆိုင်တစ်ဆိုင်တို့ကို ငှား ရမ်းထားရာတွင်လည်း အမှန် တကယ် လုပ်ကိုင်နေသူများကို ငှားရမ်းထားခြင်း မဟုတ်ဘဲ ကျောက်တံတားမြို့နယ် မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်း ခွဲမှတစ်ဆင့် ငှားရမ်းထားခြင်းဖြစ် သည်ကို တွေ့ရှိရကြောင်း လှိုင် မြို့နယ် တိုင်းလွှတ်တော်အမတ် ဒေါ်ခိုင်မာဌေးက ယင်းအစီရင်ခံ စာအပေါ် ထောက်ပြသည်။ 

အဆိုပါ တိုင်းစာရင်းစစ်ချုပ် ၏ အစီရင်ခံစာကို ကျင်းပမည့် လွှတ်တော်အစည်းအဝေးတွင် ကျန်ရှိသည့် ကိုယ်စားလှယ်များ က ဆက်လက်ဆွေးနွေးမည်ဖြစ်သည်။

7Day

0 comments:

Post a Comment