Tuesday, October 30, 2018

ဖုယွင်သပိတ် ရန်ကုန်တိုင်းဝန်ကြီးချုပ် စက်ရုံထိ သွားညှိ၊ အလုပ်သမား ၃၀ ကို အလုပ်ပြန်ခန့်ရန် သဘောတူ


နှစ်လကျော်ကြာ ဆန္ဒပြနေသည့် ဖုယွင်အလုပ်သမားသပိတ်နှင့်ပတ်သက်၍ ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းကိုယ်တိုင် အောက်တိုဘာလ ၃၀ ရက် ညနေပိုင်းတွင် စက်ရုံထိ သွားရောက်ညှိနှိုင်းခဲ့ရာ အလုပ်ထုတ်ခံရသည့် အလုပ်သမားသမဂ္ဂအဖွဲ့ဝင် ၃၀ ကို အလုပ်ပြန်ခန့်ရန် သဘောတူခဲ့ကြောင်း ဖုယွင်ဆန္ဒပြအလုပ်သမားများထံမှ သိရသည်။ 
ရန်ကုန်တိုင်းအစိုးရအဖွဲ့ရုံးတွင် အောက်တိုဘာ ၃၀ ရက်မွန်းလွဲပိုင်းက ပြုလုပ်သည့် ဝန်ကြီးချုပ်၊ အလုပ်ရှင်နှင့် ဆန္ဒပြအလုပ်သမားများ သုံးပွင့်ဆိုင်ဆွေးနွေးပွဲတွင် အလုပ်သမားများ၏ တောင်းဆိုချက်များ ပြေလည်ခဲ့ပြီး ရန်ကုန်တိုင်းအစိုးရဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက စက်ရုံသို့ သွားရောက်ကာ ကြားဝင်ညှိနှိုင်းပေးခဲ့ကြောင်း ဖုယွင်အလုပ်သမားသမဂ္ဂခေါင်းဆောင် မသက်ထားဆွေက ပြောကြားသည်။ 

လုပ်ငန်းရှင်ဘက်က ထုတ်ပယ်ထားသော အလုပ်သမား ၃၀ ကို အလုပ် ပြန်ခန့်မည်ဆိုပါက အလုပ်ပြန်ဝင်မည်ကို ကန့်ကွက်သည့်အလုပ်သမားများ စက်ရုံတွင်းရှိနေသဖြင့် နောက်တကြိမ် ပဋိပက္ခဖြစ်မလာရန် ကြားဝင်ညှိနှိုင်းပေးရန် ယနေ့မွန်းလွဲပိုင်းက ပြုလုပ်သည့် သုံးပွင့်ဆိုင်တွေ့ဆုံရာ၌ ကမ်းလှမ်းခဲ့သည်ကို ဝန်ကြီးချုပ်က လက်ခံခဲ့ခြင်းဖြစ်သည်။ 

“တောင်းဆိုချက် တော်တော်များများတော့ ဝန်ကြီးချုပ်အနေနဲ့ လက်ခံတယ်။ ဝန်ကြီးချုပ်အနေနဲ့ စက်ရုံကိုလိုက်ပြီးတော့ အလုပ်သမားတွေ လုပ်ငန်းခွင်ထဲကို အေးချမ်းစွာ ရောက်ရှိဖို့ညှိနှိုင်းတာ အဆင်ပြေခဲ့တယ်” ဟု မသက်ထားဆွေက ဆိုသည်။ 

အဆိုပါ အလုပ်သမားများကို အလုပ်ပြန်လည်ခန့်ရန် အောက်တိုဘာလ ၃၁ ရက်၊ နံနက် ၉ နာရီတွင် အလုပ်ရှင်၊ အလုပ်သမားစာချုပ်ကို ပြန်လည်ချုပ်ဆိုမည်ဖြစ်ကြောင်း ဖုယွင်ဆန္ဒပြအလုပ်သမားများက ပြောကြားသည်။ 

“အလုပ်ရှင်၊ အလုပ်သမားစာချုပ် ချုပ်မှာတော့ ဒဂုံဆိပ်ကမ်းမြို့နယ်ထဲမှာ ချုပ်မယ်/တောင်းဆိုတဲ့ အချက်တွေလဲ အကုန်ညှိနှိုင်းတာအဆင်ပြေပါတယ်။ ဒဂုံဆိပ်ကမ်းက စက်ရုံတွေ နည်းတူလစာကိုပေးမယ်လို့လဲပြောပါတယ်။ အလုပ်ထုတ်ခံရတဲ့ အလုပ်သမားတွေကို ပြန်ခန့်လိုက်ပါတယ်။ ဒီညတော့ စာချုပ်မချုပ်ရသေးခင် သပိတ်မှောက် အလုပ်သမားတွေကတော့ သပိတ်စခန်းမှာဘဲ ညအိပ်ကြပါမယ်။ စာချုပ်ချုပ်ပြီးရင် သပိတ်စခန်းသိမ်းမယ်” ဟု ဖုယွင်အထည်ချုပ် အလုပ်သမားသမဂ္ဂအလုပ်အမှုဆောင် မသန်းသန်းစိုးကဆိုသည်။ 

အောက်တိုဘာလ ၂၉ ရက်က ဖုယွင်သပိတ်အကြမ်းဖက်ခံရမှု စာနာထောက်ခံပွဲနှင့် အကြမ်းဖက်မှုဆန့်ကျင်ရေး လူထုအစည်းအဝေးကို ဖုယွင်အလုပ်သမားအင်အား ၁၅၀ ခန့်က ရန်ကုန်မြို့ မဟာဗန္ဓုလပန်းခြံတွင် ပြုလုပ်ခဲ့ပြီး ထိုမှရန်ကုန်တိုင်းအစိုးရအဖွဲ့ရုံးအထိ လမ်းလျှောက် ဆန္ဒထုတ်ဖော်ခဲ့ကာ ရန်ကုန်တိုင်းအစိုးရရုံးရှေ့တွင် ဝန်ကြီးချုပ်နှင့် တွေ့ဆုံရန် တောင်းဆိုခဲ့ရာ အောက်တိုဘာ ၂၉ ရက်၊ ည ၉ နာရီခန့်တွင် ဝန်ကြီးချုပ်နှင့် တွေ့ဆုံခွင့်ရခဲ့သည်။ 

ထိုသို့တွေ့ဆုံခဲ့ရာတွင် တိုင်းအစိုးရက ညှိနှိုင်းမှုပြုလုပ်ပေးမည်ဟု ကတိပြုပြီးနောက် ဖုယွင်အလုပ်သမားများက ဂိတ်အမှတ် ၄ တိုင်းအစိုးရရုံးရှေ့တွင် ဖွင့်လှစ်ခဲ့သော သပိတ်စခန်းကို ပိတ်သိမ်းကာ မူလဒဂုံမြို့သစ် (ဆိပ်ကမ်း) မြို့နယ်ရှိ သပိတ်စခန်းသို့ ပြန်သွားခဲ့ကြသည်။ 

ဖုယွင် အထည်ချုပ်စက်ရုံမှ အလုပ်သမားသမဂ္ဂအဖွဲ့ဝင် ၃၀ ကို အလုပ်က ထုတ်ပယ်ရာမှ စက်ရုံရှေ့တွင် ဆန္ဒပြခဲ့ရာ ၂ လကျော်ကြာမြင့်ပြီးဖြစ်ပြီး အောက်တိုဘာ ၁၅ ရက်က ဆန္ဒပြအလုပ်သမားများနှင့် စက်ရုံက ငှားရမ်းထားသည်ဆိုသော လူတစ်စုတို့ ပဋိပက္ခဖြစ်ပွားခဲ့သောကြောင့် အလုပ်သမား ၂၄ ဦး ထိခိုက် ဒဏ်ရာရရှိမှု ဖြစ်ပွားခဲ့သည်။ 

ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ အလုပ်သမားများနှင့်အလုပ်ရှင်ဘက် အသီးသီး အမှုဖွင့်ခဲ့သော်လည်း ယနေ့ပြေလည်မှုရရှိခဲ့သဖြင့် နှစ်ဘက်ကြေအေးသွားမည်ဖြစ်ကြောင်း အလုပ်သမားများထံမှ သိရသည်။


The Voice

0 comments:

Post a Comment