Tuesday, October 30, 2018

ငြိမ်းချမ်းရေးကော်မရှင်နှင့် မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့ တရုတ်တွင် ယနေ့တွေ့မည်

အစိုးရငြိမ်းချမ်းရေး ကော်မရှင်နှင့် မြောက်ပိုင်းမဟာမိတ်လက်နက်ကိုင်သုံးဖွဲ့တို့ ယနေ့ (အောက်တိုဘာလ ၃၁ ရက်) တရုတ်နိုင်ငံ ကူမင်းမြို့တွင် တွေ့ဆုံဆွေးနွေးသွားမည်ဖြစ်ကြောင်း အဆိုပါမြောက်ပိုင်းအဖွဲ့များထံမှ သိရသည်။ 
အဆိုပါ မြောက်ပိုင်း မဟာမိတ်အဖွဲ့ ၃ ဖွဲ့မှာ ရခိုင်လက်နက်ကိုင်အဖွဲ့ (AA)၊ တအာင်း ပလောင် လက်နက်ကိုင် (TNLA) နှင့် ကိုးကန့်အဖွဲ့ (MNDAA) အဖွဲ့တို့ ဖြစ်သည်။ 

အစိုးရငြိမ်းချမ်းရေးကော်မရှင်က ယင်းသို့ ကူမင်းမြို့တွင် တွေ့ဆုံဆွေးနွေးရန် မြောက်ပိုင်းမဟာမိတ်အဖွဲ့ကို ဖိတ်ကြားစာတစ်စောင်ပြီးခဲ့သည့်ရက်ပိုင်းက ပေးပို့ခဲ့ခြင်းဖြစ်သည်။ 

ငြိမ်းချမ်းရေး ကော်မရှင်ဘက်မှ ကိုယ်စားလှယ်အဖွဲ့တွင် ကော်မရှင် ဒုတိယဥက္ကဋ္ဌ ဦးသိန်းဇော်၊ အတွင်းရေးမှူး ဦးခင်ဇော်ဦးတို့ပါဝင်မည်ဖြစ်ပြီး အဆိုပါ ကော်မရှင်အဖွဲ့သည် အောက်တိုဘာလ ၃၀ ရက်မှစတင်ကာ ရန်ကုန်မြို့မှ ကူမင်းမြို့သို့ သွားရောက်မည်ဖြစ်ကြောင်း ငြိမ်းချမ်းရေးကော်မရှင်ထံမှ သိရသည်။ 

အဆိုပါ တွေ့ဆုံပွဲပြုလုပ်မည့် အောက်တိုဘာလ ၃၁ ရက် မတိုင်မီ ယင်းမဟာမိတ် သုံးဖွဲ့ဖြစ်သည့် AA? MNDAA ? TNLA အဖွဲ့တို့သည် တရုတ်နိုင်ငံ၏ အာရှရေးရာ အထူးကိုယ်စားလှယ် မစ္စတာ ဆွန်းကော်ရှန်းနှင့် အောက်တိုဘာလ ၃၀ ရက်က တွေ့ဆုံမှုတစ်ရပ် ပြုလုပ်ခဲ့သည်။ 

မြောက်ပိုင်း မဟာမိတ်သုံးဖွဲ့တွင် ပါဝင်သည့် ရခိုင်လက်နက်ကိုင်အဖွဲ့ (AA)၊ တအာင်းပလောင်လက်နက်ကိုင်အဖွဲ့ (TNLA) အဖွဲ့တို့သည် တပ်မတော်နှင့် စစ်ရေးတင်းမာနေပြီး တိုက်ပွဲများ မကြာခဏ ဖြစ်ပွားနေသည့် အဖွဲ့များဖြစ်ကြသည်။ 

အဆိုပါ မြောက်ပိုင်းမဟာမိတ် လက်နက်ကိုင်သုံးဖွဲ့နှင့် ငြိမ်းချမ်းရေးကော်မရှင်တို့သည် ပြီးခဲ့သည့် စက်တင်ဘာလ ၅ ရက်ကလည်း တရုတ်နိုင်ငံ ကူမင်းတွင် အလွတ်သဘော တွေ့ဆုံမှုပြုလုပ်ခဲ့ပြီး နောက်တစ်ကြိမ်တွေ့ဆုံရန် အောက်တိုဘာလ ကုန်ပိုင်းကို ချိန်းဆိုခဲ့ခြင်းဖြစ်သည်။ 

ထိုသို့ တွေ့ဆုံမှုတွင် ပမာဏတွေ့ဆုံမှုသာဖြစ်ခဲ့ပြီး အသေးစိတ်အခြေအနေများကို ဆွေးနွေးမှုမပြုလုပ်ခဲ့ဘဲ ယခုတွေ့ဆုံမည့် အောက်တိုဘာလကုန်တွေ့ဆုံပွဲတွင်မှ ရလဒ်တစ်ခုအနေနှင့် ပြောဆိုနိုင်မည်ဖြစ်ကြောင်း TNLA အထွေထွေအတွင်းရေးမှူး ဗိုလ်မှူးကြီး တာဘုန်းကျော်က ပြောကြားထားသည်။ 

အဆိုပါ ပမာဏဆွေးနွေးမှုတွင် “ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ (UWSA) နှင့် ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) တို့က ကြားနေကိုယ်စားလှယ်များအဖြစ် ပါဝင်ခဲ့ကြသည်။ 

မြောက်ပိုင်းမဟာမိတ်တွင် ပါဝင်သည့် တအာင်းပလောင် လက်နက်ကိုင်တပ်ဖွဲ့ (TNLA) နှင့် တပ်မတော်တို့သည် ရှမ်းပြည်နယ်မြောက်ပိုင်း ဒေသများတွင် တိုက်ပွဲများ လတ်တလောဖြစ်ပွားနေသည့် အဖွဲ့ဖြစ်သည်။ 

အလားတူ ရခိုင်လက်နက်ကိုင်အဖွဲ့ (AA) အဖွဲ့နှင့်လည်း ယခုလအောက်တိုဘာလကုန်ပိုင်းအတွင်းကပင် ရခိုင်ပြည်နယ်ဒေသအချို့တွင် တိုက်ပွဲများ ဖြစ်ပွားထားသည်။

The Voice

0 comments:

Post a Comment