ဘင်္ဂါလီမွတ်စလင်များကို ဝေးလံသီခေါင်သည့် ကျွန်းသို့ ရွှေ့ပြောင်းနေရာချထားမည့် အစီအစဉ်ကို ဘင်္ဂလားဒေ့ရှ်က ရွှေ့ဆိုင်းလိုက်ကြောင်း အာဏာပိုင်များက အောက်တိုဘာ ၁ ရက်တွင် ပြောကြားခဲ့သည်။ မြန်မာနယ်စပ်အနီး နေထိုင်နေသည့် ဒုက္ခသည်များအကြား အဆိုပါ အငြင်းပွားဖွယ်ရာစိတ်ကူးကို အပြင်းအထန် ကန့်ကွက်မှုများ ဖြစ်ပေါ်လာခဲ့ပြီးနောက် ယခုကဲ့သို့ ရွှေ့ဆိုင်းလိုက်ခြင်း ဖြစ်သည်။
နုန်းဆန်သော အဆိုပါ ကမ်းမြောင်ဒေသသည် ပြင်းထန်သည့် ရာသီဥတုဒဏ်ကို ခံရဖွယ်ရှိသည်ဟု သတိပေးမှုများ ပြုလုပ်နေသည့်အကြား ဘာရှန်ချားကျွန်းပေါ်တွင် ဒုက္ခသည် ၁၀၀,၀၀၀ ကို နေရာပေးမည့် အိမ်ရာသစ်များ တည်ဆောက်ရန် အစီအစဉ်နှင့် ပတ်သက်၍ လွန်ခဲ့သည့်နှစ် အောက်တိုဘာ ၃ ရက်တွင် ထုတ်ဖော်ပြောကြားခဲ့မှုနှင့် ပတ်သက်၍ ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် ရှိတ်ဟာစီနာကို ပြင်းထန်စွာ ဝေဖန်ခဲ့ကြသည်။
သို့သော် ရွှံ့ထူသည့် ကျွန်းငယ်ကို လူနေစခန်းတစ်ခုအဖြစ် အသွင်ပြောင်းရန် အားထုတ်သော အမေရိကန်ဒေါ်လာ သန်း ၂၈၀ တန် စီမံကိန်းကို ကြီးကြပ်နေသည့် ဘင်္ဂလားဒေ့ရှ် လက်နက်ကိုင်တပ်များ၏ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက အဆိုပါ စီမံကိန်းဖွင့်ပွဲ အခမ်းအနားကို ရွှေ့ဆိုင်းလိုက်ပြီဖြစ်ကြောင်း ပြောကြားခဲ့သည်။
“ဖွင့်လှစ်မယ့် နေ့ရက်အသစ်ကို မကြာမီ ထပ်မံကြေညာပါမယ်” ဟု ဒုတိယဗိုလ်မှူးကြီး အလမ်ဂါကာဘာက အသေးစိတ် အချက်အလက်များ မပေးဘဲ ပြောကြားခဲ့သည်။
အဆိုပါ အငြင်းပွားဖွယ်ရာ စီမံကိန်းသည် ၂၀၁၅ ခုနှစ်တွင် ပထမဆုံး ထွက်ပေါ်လာသော်လည်း ကောင်းစွာစီမံထားနှင့်ပြီး ဖြစ်သည်။
၎င်းတို့သည် မြန်မာနှင့် နယ်စပ်အနီးရှိ လူပြည့်ကျပ်နေသော စခန်းများမှ ဒုက္ခသည်များကို မုတ်သုံရာသီမစတင်မီ ဇွန်လတွင် အဆိုပါကျွန်းသို့ စတင်ရွှေ့ပြောင်းရန် လိုလားကြောင်း အာဏာပိုင်များက ပြောကြားခဲ့ဖူးသည်။
ဘင်္ဂလားဒေ့ရှ်ရေတပ်က နေထိုင်စရာများနှင့် ရွှေ့ပြောင်းရေးစခန်းများ အလျင်အမြန် တည်ဆောက်နေခြင်းနှင့်အတူ စီမံကိန်း၏ လေးပုံသုံးပုံနီးပါး ပြီးစီးသွားပြီဖြစ်ကြောင်း ဘေးဒုက္ခစီမံရေးအ ကြီးတန်းအရာရှိတစ်ဦးက စက်တင်ဘာလတွင် ပြောကြားခဲ့သည်။
ယခုနောက်ဆုံး ရွှေ့ဆိုင်းလိုက်မှုနှင့် ပတ်သက်၍ မည်သည့်အကြောင်းပြချက်ကို မျှပေးခြင်းမရှိကြောင်း သိရသည်။
သို့သော် ၂၀၀၆ ခုနှစ်ကမှ ပင်လယ်ထဲမှ ထွက်ပေါ်လာသည့် ဝေးလံသီခေါင်သော အရပ်မှ အဆိုပါကျွန်းသို့ ဒုက္ခသည်များကို ရွှေ့ပြောင်းနေရာချထားရန် အဆိုပြုချက်သည် လူပြည့်ကျပ်နေသည့် ဘင်္ဂါလီမွတ်စလင်ဒုက္ခသည်စခန်းများ၌လည်း လူကြိုက်များခြင်းမရှိပေ။
အဆိုပါကျွန်းသို့ အနီးဆုံးကုန်းမြေမှ သင်္ဘောဖြင့်သွားလျှင် တစ်နာရီခန့်သာ ကြာသော်လည်း ပြင်းထန်သည့် မုန်တိုင်းများကြောင့် ယင်းသို့ သွားသည့် ပင်လယ်ခရီးသည် အန္တရာယ်ကြီးလွန်းသကဲ့သို့ တစ်ခါတစ်ရံတွင် ဖြစ်နိုင်ခြင်းပင် မရှိပါ။
“အဲဒီကျွန်းက ပင်မကုန်းမြေကနေ အဆက်အသွယ် ပြတ်ပါတယ်။ တစ်စုံတစ်ဦးအနေနဲ့ အရေးပေါ် ဆေးကုသဖို့ လိုအပ်လာမယ်ဆိုရင် ဘယ်လိုလုပ်မလဲ” ဟု ဘင်္ဂါလီအသိုင်းအ၀ိုင်း ခေါင်းဆောင်တစ်ဦးဖြစ်သည့် အဗ္ဗဒူဂေါ့ဖာက ပြောကြားခဲ့သည်။
ဘာရှန်ချားကျွန်းသို့ ရွှေ့ပြောင်းနေရာချမှုသည် ဒုက္ခသည်များ၏ သဘောဆန္ဒအတိုင်းသာ ဖြစ်ရမည်ဟု ကုလသမဂ္ဂက အခိုင်အမာ ပြောကြားခဲ့သည်။
၎င်းတို့အနေဖြင့် အဆိုပါကျွန်းပေါ်တွင် ဘေးကင်းလုံခြုံပါလိမ့်မည်ဟု ဒုက္ခသည်များအား နှစ်သိမ့်ရန် ဒေသဆိုင်ရာ အာဏာပိုင်များက နည်းလမ်းများကို ရှာဖွေခဲ့သည်။
“ကျွန်တော်တို့ အဲဒီကျွန်းပေါ်မှာ လုပ်ငန်းတွေ ဆောင်ရွက်နေဆဲပါပဲ။ ကျွန်တော်တို့ မိသားစုတွေနဲ့ စကားပြောနေပါတယ်” ဟု ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီး မိုဟာမက်အဘူကာလမ်က ပြောကြားခဲ့သည်။
မြန်မာနိုင်ငံမှ ထွက်ပြေးလာသော မွတ်စလင်တစ်သန်းခန့်သည် မြန်မာနှင့် နယ်စပ်အနီး တောင်စောင်းရှိ တဲကုပ်ကလေးများတွင် နေထိုင်နေရပြီး အကူအညီပေးရေးအဖွဲ့များက ၎င်းတို့သည် ရေလွှမ်းမိုးမှုများ၊ မြေပြိုမှုများနှင့် ရောဂါဖြစ်ပွားမှုများ အစရှိသော အန္တရာယ်များ ရှိနေသည်ဟု သတိပေးကြသည်။
လွန်ခဲ့သည့်နှစ် သြဂုတ်လအတွင်းက မြန်မာနိုင်ငံတွင် ဖြစ်ပွားသော အကြမ်းဖက်မှုများကြောင့် ဘင်္ဂါလီမွတ်စလင် ၇၀၀,၀၀၀ ခန့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ အရှေ့တောင်ပိုင်းသို့ ထွက်ပြေးလာပြီးနောက် ဖော်ပြပါကျွန်းပေါ်၌ နေရာချထားမည့် အစီအစဉ်ကို ထပ်မံတွန်း အားပေးလာခြင်းဖြစ်သည်။
သို့သော် လူ့အခွင့်အရေးအဖွဲ့များက ဒုက္ခသည်များကို အဆိုပါကျွန်းပေါ်၌ နေရာချထားခြင်းသည် အန္တရာယ်များလွန်းကြောင်း သတိပေးခဲ့ကြသည်။ လွန်ခဲ့သည့်နှစ်ပေါင်း ၅၀ အတွင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် သဘာဝဘေးအန္တရာယ်များကြောင့် လူပေါင်းသိန်းနှင့်ချီလျက် သေဆုံးခဲ့ရာ အများစုမှာ ဘာရှန်ချားကျွန်းအနီးရှိ ကမ်းရိုးတန်းဒေသများမှ ဖြစ်သည်။
ကျွန်းတစ်ဝိုက်၌ သုံးမီတာ (ကိုးပေ) မြင့်သော တာရိုးကို အသစ်တည်ဆောက်ထားမှုက ဆိုင်ကလုန်းဖြစ်ပေါ်သည့်အခါ ဒီလှိုင်းမြင့်တက်မှုမှ ကျွန်းကို ကာကွယ်ပေးနိုင်သည်ဟု ဒေသဆိုင်ရာအာဏာပိုင်များက ထောက်ပြပြောကြားခဲ့သည်။
သို့သော် ဒုက္ခသည်များမှာ စိုးရိမ်ပူပန်နေဆဲဖြစ်သည်။
“ဆိုင်ကလုန်းရဲ့ ထိုးနှက်ချက်က အားကောင်းပြီး ဘုရားသခင်က ပစ်ထားမယ်ဆိုရင် ခိုနားစရာနေရာတွေ လွင့်ထွက်သွားမှာပဲ” ဟု ဘင်္ဂါလီအသိုင်းအ၀ိုင်းခေါင်းဆောင် တစ်ဦးဖြစ်သော မိုဟာမက်ရှိုယက်က ပြောကြားခဲ့သည်။
Eleven
0 comments:
Post a Comment