Tuesday, January 1, 2019

ဧရာဝတီတိုင်း ပင်လယ်ဝမှ စွန့်ပစ်သဲတန်ချိန် ၂ သိန်းခွဲကျော် စင်ကာပူသို့ တင်ပို့


ဧရာဝတီတိုင်းဒေသကြီး ပင်လယ်ဝရှိ သောင်တူးလုပ်ငန်း၏ စွန့်ပစ်သဲများကို တစ်နှစ်တာကာလအတွင်း၌ တန်ချိန်နှစ်သိန်းရှစ်သောင်းကျော်ကို စင်ကာပူနိုင်ငံသို့ တင်ပို့ရောင်းချခဲ့ပြီးဖြစ်ကြောင်း ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ထံမှ သိရသည်။ 
ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန မြန်မာ့ဆိပ်ကမ်းအာဏာပိုင်နှင့် စင်ကာပူနိုင်ငံအခြေစိုက် Delta Gold Pte Ltd. တို့ ပူးပေါင်းဆောင်ရွက်လျက်ရှိသော ဧရာဝတီတိုင်းဒေသကြီး ငပုတော မြို့နယ်၏ ပင်လယ်ဝရှိ ပမ္မဝတီမြစ်ဆုံနှင့် လိပ်ကျွန်းအနီးရှိ သောင်တူးလုပ်ကွက်နှစ်ခုမှ စွန့်ပစ်သဲများကို ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်မှ စတင်၍ စင်ကာပူနိုင်ငံသို့ တင်ပို့ရောင်းချနေခြင်းဖြစ်ကြောင်း ယင်းအစိုးရအဖွဲ့ထံမှ သိရသည်။ 

Delta Gold ကုမ္ပဏီက ယင်းလုပ်ကွက်နှစ်ခုမှ စွန့်ပစ်သဲတန်ချိန် ၁၄ သန်း ၂ သောင်းကို ထုတ်လုပ်ခွင့်ရရှိထားပြီး စီးပွား/ကူးသန်းဝန်ကြီးဌာနမှ တစ်နှစ်လျှင် တစ်ကြိမ်၊ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်မှ ၂ နှစ်လျှင်တစ်ကြိမ် လုပ်ကိုင်ခွင့်လိုင်စင် သက်တမ်းတိုးပေးကာ ဆောင်ရွက်နေခြင်းဖြစ်ကြောင်း ဧရာဝတီတိုင်း၊ လျှပ်စစ်၊ စွမ်းအင်၊ စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေး ဝန်ကြီးဦးဝင်းဌေးက The Voice သို့ ပြောကြားသည်။ 

“ဧရာဝတီမြစ်က ပို့ချတဲ့အတွက် ပင်လယ်ဝ ငဝန်မြစ်နဲ့ ပမ္မဝတီမြစ်ကြမ်းခင်း မြင့်တက်လာတယ်။ ဒါကို ဆာဗေးလုပ်ပြီးမှ ပြည်ထောင်စုအဆင့်အစီအစဉ်နဲ့ သောင်တူးလုပ်ငန်းကို ဆောင်ရွက်နေတာပါ”ဟု ၎င်းက ပြောဆိုသည်။ 

သောင်တူးလုပ်ငန်းကြောင့် ဒေသခံ ငါးဖမ်းလုပ်ငန်းအတွက် အနှောင့်အယှက်မဖြစ်စေရန် လုပ်ကွက်ဧရိယာကို ဒေသခံများထံ သွားရောက်ညှိနှိုင်းရှင်းပြပြီး အသိပေးဆောင်ရွက်ထားကြောင်း ငပုတောမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနထံမှ သိရသည်။ 

“အထူးသဖြင့် မိုးရာသီမှာ သောင်တူးတာ မလုပ်ဘူး။ ပွင့်လင်းရာသီမှာပဲ လုပ်ကြတယ်။ သဲတင်သင်္ဘောကိုလည်း သက်ဆိုင်ရာဌာနတွေက စစ်ဆေးပြီးမှ ထွက်ခိုင်းတယ်”ဟု ဝန်ကြီး ဦးဝင်းဌေးက ပြောဆိုသည်။

The Voice

0 comments:

Post a Comment