Tuesday, January 1, 2019

အိမ်အကူကို လိင်နှောင့်ယှက်မှု ပြုလုပ်ခဲ့သည်ဟုဆိုသော ဖိလစ်ပိုင်သမ္မတ ဒူတာတေး အမျက်ထွက်ခံရ


ဖိလစ်ပိုင်သမ္မတ ဒူတာတေးသည် ဆယ်ကျော်သက်အရွယ်က အိမ်အကူ မိန်းကလေးကို လိင်နှောင့်ယှက်မှု ပြုလုပ်ခဲ့သည်ဟု ထုတ်ဖော်ပြောဆိုခဲ့ပြီးနောက် ပြစ်တင်ဝေဖန်ခံရမှုများ ဖြစ်ပေါ်နေသည်ဟု BBC သတင်းတွင် ဖော်ပြထားသည်။ 
ဒူတာတေးက ၎င်းသည် အိမ်အကူ အိပ်ပျော်နေစဉ် သူမ၏ အတွင်းခံအတွင်းသို့ မည်သို့လက်ရောက်သွားခဲ့သည်ကို ဘုန်းတော်ကြီးထံ ဝန်ခံခဲ့သည်ဟု ပြောဆိုခဲ့သည်။ 

ဂေဘရီယယ်လာ လူ့အခွင့်အရေးအဖွဲ့က ဒူတာတေးသည် ၎င်း၏ရာထူးနှင့် မထိုက်တန်ကြောင်းနှင့် နုတ်ထွက်သင့်ကြောင်း မှတ်ချက်ပေးသည်။ 

ဖိလစ်ပိုင်သမ္မတသည် အငြင်းပွားဖွယ် မှတ်ချက်စကားများကို မကြာခဏ ပြောဆိုလေ့ရှိသော်လည်း ရေပန်းစားနေဆဲဖြစ်သည်။ 

“အိမ်အကူ အိပ်ပျော်နေတုန်း သူ့အခန်းထဲကိုဝင်ပြီး စောင်ကိုမ၊ အတွင်းခံထဲကို လက်နှိုက်လိုက်တယ်။ သူ နိုးသွားတော့ လစ်လာခဲ့တာပေါ့”ဟု ဒူတာတေးက ဆိုသည်။ 

ထို့နောက်တွင် သူမ၏အခန်းထဲသို့ နောက်တစ်ကြိမ်ဝင်ကာ ဗလက္ကာရ ပြုခဲ့သည်ဟုလည်း ဒူတာတေးက ပြောကြားသည်။ 

ဖိလစ်ပိုင် အပါအဝင် အာရှနိုင်ငံများရှိ ငွေကြေးချမ်းသာသော မိသားစုများသည် အိမ်အကူများကို အလုပ်ခန့်လေ့ရှိပြီး ငွေကြေးချို့တဲ့သော မိန်းကလေးများက အိမ်အကူအလုပ်ကို လုပ်ကိုင်ကြသည်။ 

ဒူတာတေး၏ ပြောရေးဆိုခွင့်ရှိသူက သမ္မတသည် စနေနေ့က မိန့်ခွန်းတွင် အပိုတန်ဆာဆင်ကာ ပုံပြောခဲ့ခြင်းသာ ဖြစ်သည်ဟု ရှင်းလင်းပြောကြားသည်။ 

အမျိုးသမီး အခွင့်အရေး အုပ်စုများကို ကိုယ်စားပြုသော ဂေဘရီယယ်လာ ပါတီက ဒူတာတေး၏ မှတ်ချက်များသည် မုဒိမ်းမှုဝန်ခံချက်နှင့် ဆင်တူယိုးမှား ဖြစ်သည်ဟု မှတ်ချက်ပေးသည်။ 

အာရှပစိဖိတ်အမျိုးသမီး လူကုန်ကူးမှု ဆန့်ကျင်ရေးအဖွဲ့က သမ္မတ၏ စကားများသည် အိမ်အကူများအတွက် အန္တရာယ်ရှိသည်ဟု ဝေဖန်သည်။ 

“အနိုင်ကျင့်တဲ့ ဓလေ့တွေက အိမ်အကူလုပ်သားတွေ လိင်အနိုင်ကျင့်ခံရတဲ့ ယဉ်ကျေးမှုဖြစ်လာအောင် အားပေးနေတယ်”ဟု အမှုဆောင်ဒါရိုက်တာ ဂျွန်အန်ရီကွက်ဇ်က ပြောကြားသည်။ 

ဖိလစ်ပိုင်လူမျိုး တစ်သန်းကျော်သည် ပင်လယ်ရပ်ခြားတွင် အိမ်အကူအဖြစ် လုပ်ကိုင်နေကြသည်ဟု အစိုးရကိန်းဂဏန်းများအရ သိရှိရသည်။ 

ဖိလစ်ပိုင်သမ္မတသည် ယခင်ကလည်း အမျိုးသမီးများနှင့် ပတ်သက်၍ အငြင်းပွားဖွယ် မှတ်ချက်များ ပြောဆိုမှုကြောင့် အများ၏ အာရုံစိုက်ခြင်းကို ခံရသူဖြစ်သည်။ 

၂၀၁၆ ဧပြီလက မဲဆွယ်ရာတွင်လည်း ဩစတြေးလျ သာသနာပြု အမျိုးသမီးတစ်ဦး ၁၉၈၉ ခုနှစ်က မုဒိမ်းကျင့် အသတ်ခံရမှုကို ပြောဆိုရာတွင် “ဒီကိစ္စကို ကျွန်တော် အရမ်းစိတ်ဆိုးတယ်။ ဒါပေမဲ့ ဒီမိန်းမက သိပ်လှတယ်။ မြို့တော်ဝန် (ဒူတာတေး) က ပထမဆုံးလူ ဖြစ်သင့်တာပေါ့”ဟု ပြောဆိုခဲ့သဖြင့် ၎င်း၏ရုံးက တောင်းပန်ခဲ့ရသည်။ 

The Voice

0 comments:

Post a Comment