Tuesday, January 1, 2019

ယခင်တောင်းဆိုချက်များအပြင် ဖမ်းဆီးထားသောကျောင်းသားများပါ ပြန်လွှတ်ပေးရေး ရတနာပုံတက္ကသိုလ်ကျောင်းသားများ သမဂ္ဂ ထပ်မံဆန္ဒပြတောင်းဆို


မန္တလေးမြို့ ရတနာပုံတက္ကသိုလ်အတွင်း လုံခြုံရေး ၊ သန့်ရှင်းရေးအတွက် ဝန်ထမ်းများ တိုးမြှင့်ချထားပေးရေး နှင့် ဖမ်းဆီးခံကျောင်းသားများ ပြန်လွှတ်ပေးရေး ဇန်နဝါရီလ ၂ ရက်နေ့ က ရတနာပုံတက္ကသိုလ်ကျောင်းသားများ သမဂ္ဂ (ဗကသ) အနေဖြင့် ဆန္ဒပြတောင်းဆိုခဲ့သည်။ 
ရတနာပုံ တက္ကသိုလ်ကျောင်းသားများ သမဂ္ဂ (ဗကသ) မှ ကိုကျော်သီဟရဲကျော်၊ ကိုရဲမင်းထွန်း ၊ ကိုရဲမျိုးဆွေ တို့အား မြို့နယ် အထွေထွေအုပ်ချုပ်ချုပ်ရေးဦးစီးဌာန ဒုဦးစီး က တရားလိုပြုလုပ်၍ ၄၃၅/၅၀၅(ခ)/၁၁၄ ဖြင့်လည်းကောင်း တက္ကသိုလ် မှ တာဝန်ရှိသူတစ်ဦးက တရားလိုပြုလုပ်၍ ဝတ္တရားနှောက်ယှက်မှု ရာဇသတ်ကြီးပုဒ်မ ၃၅၃ ဖြင့်လည်းကောင်း ၊ ရဲတပ်ဖွဲ့ က တရားလိုပြုလုပ်၍ ငြိမ်းချမ်းစွာ စုဝေးခွင့်နှင့် စည်တန်းလှည့်လည်ခြင်းဥပဒေ ပုဒ်မ - ၁၉ ဖြင့်လည်းကောင်း အသီးသီး အမှုဖွင့်ထားကြောင်း သိရသည်။ 
"ကျွန်တော်တို့ မူလတောင်းဆိုတဲ့ ကျောင်းလုံခြုံရေး တိုးမြှင့်ပေးရေးနဲ့ သန့်ရှင်းရေးဝန်ထမ်း တိုးမြှင့်ချထားပေးရေး ကိုတော့ ဘာမှ လုပ်မပေးပဲ ကျောင်းသားတွေကို ဖမ်းတယ် ။ ဒါဟာ ပြည်သူ့အစိုးရ အနေနဲ့ ဖြေရှင်းပုံဖြေရှင်းနည်းမှားနေတယ် ။ ကျွန်တော်တို့ကတော့ ဖမ်းဆီးခံကျောင်းသားတွေ ပြန်လွှတ်ပေးရေးနဲ့ ကျောင်းလုံခြုံရေး တိုးမြှင့်ပေးရေးနဲ့ သန့်ရှင်းရေးဝန်ထမ်း တိုးမြှင့်ချထားပေးရေးကို ဆက်လက်တောင်းဆိုသွားမယ်။" ဟု ရတနာပုံ တက္ကသိုလ်ကျောင်းသားများ သမဂ္ဂ (ဗကသ) မှ ကိုဘုန်းမြင့်ကျော် က ပြောသည်။ 
ရတနာပုံ တက္ကသိုလ်ကျောင်းသားများ သမဂ္ဂ (ဗကသ) မှ ကျောင်းသား (၃) ဦးအားဖမ်းဆီးသည့်အပြင် ကျောင်းသား (၅) ဦးကိုလည်း အလားတူပုဒ်မများဖြင့် ဖမ်းဝရမ်းထုတ်ထားကြောင်း သိရသည်။ 
"ကျွန်တော်တို့တောင်းဆိုတယ်ဆိုတာ အဆင့်ဆင့်ညှိနှိုင်းပြီးမှ လုပ်တာပါ ။ ကျောင်းအိမ်သာတွေ လာကြည့်လှည့်ပါ ။ ကျောင်းအတွင်း လုံခြုံရေးကတော့ ဆိုင်ကယ်ခဏခဏပျောက်တဲ့အပြင် ပြီးခဲ့တဲ့လ ၂၅ ရက်နေ့ကပဲ ကျောင်းသားတစ်ယောက် အသတ်ခံရတယ် ။ တက္ကသိုလ်ရဲ့ ရပိုင်ခွင့်ထဲမှာ ကျောင်းနှင့် ပတ်ဝန်းကျင် လုံခြုံရေးလည်းပါတယ် " ဟု ရတနာပုံ တက္ကသိုလ်ကျောင်းသားများ သမဂ္ဂ (ဗကသ) မှ ကိုနေဝင်းကျော် က ပြောသည်။ 
ရတနာပုံ ဗကသ အနေဖြင့် သန့်ရှင်းရေး နှင့် လုံခြုံရေး ဝန်ထမ်းများ တိုးမြှင့်ချထားရေးအတွက် အကြိမ်ကြိမ် တောင်းဆိုမှုများ လုပ်ဆောင်နေသော်လည်း သက်ဆိုင်ရာ ဖြေရှင်းပေးခြင်း မရှိသေးကြောင်း သိရသည်။ 
သန့်ရှင်းရေး နှင့် လုံခြုံရေး ဝန်ထမ်းများ တိုးမြှင့်ချထားရေးအတွက် ဘတ်ဂျက်မလုံလောက်သောကြောင့် ရတနာပုံတက္ကသိုလ်ကျောင်းသား များသမဂ္ဂ အနေဖြင့် ကျောင်းသူ ကျောင်းသားများထံမှ ဆိုင်ကယ်ရပ်နားခကောက်ခံရရှိသည့်ငွေများအား တက္ကသိုလ်အတွက် လိုအပ်သည်များသုံးစွဲရေး တောင်းဆိုခဲ့သည် ။ 
ရတနာပုံတက္ကသိုလ်တွင် ကျောင်းသား ကျောင်းသူ (၂၀၀၀၀) ကျော် နှင့် ဆရာ ဆရာမ (၇၀၀) ကျော်ရှိပြီး လုံခြုံရေး နှင့် သန့်ရှင်းရေးဝန်ထမ်းမှာ (၃၀) ကျော်သာရှိသည့်အတွက် လုံလောက်မှုမရှိကြောင်း သိရသည်။ 
ရတနာပုံတက္ကသိုလ်အတွင်း ကျောင်းသူ ကျောင်းသားများထံမှ ဆိုင်ကယ်ရပ်နားခကောက်ခံရရှိသည့်ငွေမှာ တစ်နှစ်လျှင် ကျပ်သိန်း ၄၀၀ နီးပါး လေလံရရှိကြောင်း ရတနာပုံတက္ကသိုလ်ကျောင်း သားများသမဂ္ဂ က သိရသည်။ 
ထို့အပြင် စာသင်ခန်းများတွင် အခန်းတံခါးများ ပျက်စီးနေခြင်း ၊ အိမ်သာများ သန့်ရှင်းမှု မရှိခြင်း ၊ ရေရရှိမှု အားနည်းခြင်းများရှိပြီး ယခင်စာသင်နှစ်က ကျောင်းအတွင်း ဆိုင်ကယ် အစီး (၂၀) ကျော် ပျောက်ဆုံးခဲ့ကြောင်း သိရသည်။

The Fifth Wave News 


0 comments:

Post a Comment