မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ် ကန်သာယာရပ်ကွက်၌ ဒီဇင်ဘာလ ၃၁ ရက် ည(နှစ်သစ်ကူးည)တွင် မီးလောင်မှုဖြစ်ပွားခဲ့ပြီး မီးဘေးသင့်သူ ၅၀ ခန့်ကို ကူညီရန် ကယ်ဆယ်ရေးစခန်းဖွင့်ထားကြောင်း မန္တလေးခရိုင် မီးသတ်တပ်ဖွဲ့မှူး ဦးထက်အောင်က ပြောကြားသည်။
ဖြစ်စဉ်မှာ ချမ်းမြသာစည်မြို့ နယ် ၅၇ လမ်းနှင့် ၅၈ လမ်းကြား ကန်သာယာရပ်ကွက်၊ အကွက်(ဗ-၈)ရှိ အသက် ၆၂ နှစ်အရွယ် ဒေါ်ငယ်၏ နှစ်ထပ်တိုက်နေအိမ်တွင် ခြင်ဆေးခွေ ထွန်းရာမှ မွေ့ရာကို ထိမိကာ မီးစတင်လောင်ကျွမ်းခဲ့ပြီး အနီးအနားရှိနေအိမ် ၁၇ လုံးကိုပါ ကူးစက်လောင်ကျွမ်းခဲ့ခြင်းဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။
“လောင်တာက ခဏလေးပါပဲ။ အိမ်တွေက အရမ်းကပ်နေတယ်။ ဝင်းကျယ်ကြီးတစ်ခုတည်းမှာ အိမ်တွေအများကြီး ဆောက်ထားတာမျိုးပါ။ သွပ်မိုးထရံကာတွေချည်းပဲဖြစ်နေတော့ ပိုဆိုးကုန်တယ်။ အဲ့ဒါကြောင့် အိမ်တွေများသွားတာပါ” ဟု ၎င်းက ဆိုသည်။
အဆိုပါမီးလောင်မှုကြောင့် တန်ဖိုး ငွေကျပ် ၈,၆၇၅,၀၀၀ ကျပ်ခန့် ဆုံးရှုံးခဲ့ပြီး အမျိုးသား ၂၆ ဦး၊ အမျိုးသမီး ၂၂ ဦး စုစုပေါင်း ၄၈ ဦး မီးဘေးသင့်ခဲ့ကြောင်း မန္တလေးခရိုင် မီးသတ်တပ်ဖွဲ့ထံမှ သိရသည်။
မီးလောင်မှုနှင့် ပတ်သက်ပြီး ဒေါ်ငယ်ကို ချမ်းမြသာစည်မြို့နယ်၊ အောင်ပင်လယ် နယ်မြေရဲစန်းက မီးပေါ့ဆစွာ အသုံးပြုခြင်းကြောင့် မီးလောင်ကျွမ်းစေမှု ပုဒ်မဖြစ်သည့် ရာဇသတ်ကြီး ပုဒ်မ ၂၈၅ ဖြင့် အမှုဖွင့် အရေးယူထားသည်။
The Voice
0 comments:
Post a Comment